ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ကမ္ဘောဇဘဏ်ခွဲမှာ စက်တင်ဘာ ၃ ရက် ဒီကနေ့မွန်းလွဲပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါတယ်။
ကျောက်မဲမြို့ ရပ်ကွက် (၂) ဗဟိုဈေးကြီး တောင်ဘက်မှာဖွင့်လှစ်ထားတဲ့ ကမ္ဘောဇဘဏ်ခွဲကို ဒီကနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ ဓားပြတိုက်သွားတာလို့ ကျောက်မဲဒေသခံ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။
“ကနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ လူ ၃ ယောက်က WISH ကားအဖြူရောင် စီးလာတယ်လို့ မျက်မြင်တွေက ပြောတယ်ခင်ဗျ၊ ငွေတွေဘယ်လောက်ပါသွားလဲ ဆိုတာတော့ မသိဘူး၊ လောလောဆယ် မြို့ထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေက အဲဒီကားကိုပိုက်စိပ်တိုက် လိုက်ရှာ နေကြတုန်းပဲ”
အဆိုပါ ဘဏ်ဓားပြတိုက်မှုမှာ ငွေကျပ် သိန်း ၁၀၀၀ လောက်ပါသွားတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
ကျောက်မဲ ကမ္ဘောဇဘဏ်ခွဲဟာ နေ့စဉ် လူအသွားအလာမပျက် စည်ကားနေတဲ့ မြို့လယ်ခေါင်မှာ တည်ရှိပါတယ်။
ဘဏ်ရှေ့မှာ ခါတိုင်းဆိုရင် ညဈေးတန်းရှိပြီး လူသွားလူလာစည်ကားတာကြောင့် ကားတစ်စီး ဖြတ်သွားဖို့တောင် အခက်အခဲရှိပေမဲ့ ဒီနေ့တော့ ကျောက်မဲမှာ ကိုဗစ်-၁၉ ကာလ Stay at home အမိန့်ထုတ်ထားတာကြောင့် လမ်းရှင်းနေလို့ ဓားပြတွေက အလွယ်တကူ ထွက်ပြေးလွတ်မြောက် သွားတာလို့ မြို့ခံကပြောပါတယ်။
ကျောက်မဲကမ္ဘောဇဘဏ် ဓားပြတိုက်ခံရတာနဲ့ ပတ်သက်လို့ ဖြစ်စဉ်ကို အတည်ပြုနိုင်ဖို့ ရဲတပ်ဖွဲ့ က စစ်ဆေးနေဆဲဖြစ်တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ် နေ့ညမပျက် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မြို့တွင်း မြို့ပြင်မှာ ဝပ်ကင်း၊ ရပ်ကင်း၊ လှည့်ကင်းတွေ ဆောင်ရွက်နေတဲ့ကြားက အခုလိုဘဏ်ဓါးပြတိုက်ခံရတဲ့အပေါ် ပြည်သူလူထုတွေက မယုံကြည်နိုင်အောင်ဖြစ်နေကြပါတယ်။
စက်တင်ဘာ ၂ ရက်ကလည်း ကျောက်မဲခရိုင်၊ သီပေါမြို့မှာရှိတဲ့ ကမ္ဘောဇဘဏ်ကို ဗုံးလာထောင်တဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သတင်းအမှောင်ချထားတယ်လို့ မြို့ခံတချို့က ဆိုပါတယ်။
ကျောက်မဲနဲ့ သီပေါမြို့မှာရှိတဲ့ ကမ္ဘောဇဘဏ်ကို စစ်အာဏာစသိမ်းတဲ့ကာလက စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ယာယီကင်း စခန်းချတာတွေရှိခဲ့တယ်လို့ မျက်မြင်သက်သေမြို့ခံတွေက ပြောပါတယ်။