မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာမှာ စက်တင်ဘာ ၁ ရက်နေ့ ည ၁၀ နာရီလောက် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက DVB ကို ပြောပါတယ်။
စက်တင်ဘာ ၁ ရက် ညပိုင်းက မိသားစု စားဝတ်နေရေးအတွက် ငါးရှာသွားတဲ့ ခင်ပွန်းဖြစ်သူကို ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်သူက သွားကြိုပြီး နေအိမ်ပြန်လာစဉ်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရတာလို့ ဆိုပါတယ်။
သဲအိမ်ကျေးရွာ ဒေသခံ တစ်ဦးက “လင်မယား ၂ ဦး နေအိမ်ပြန်လာတာကို စစ်ကောင်စီတပ်ဖွဲ့တွေက ညမထွက်ရအချိန်မှာ ဓာတ်မီးအရောင်တွေ့လို့ ပစ်ခတ်ခဲ့တာ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကိုယ်ဝန် ၅ လရှိပြီဖြစ်တဲ့ မအိသွယ်မိုးဟာ တင်းပါးဖောက်ထွက် ဒဏ်ရာရပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်။
ခင်ပွန်းဖြစ်သူ ကိုမင်းနေလွင်ကတော့ ပြင်ထန်းဒဏ်ရာရပြီး ဆေးကုသမှုခံယူနေတယ်လို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ မအိသွယ်မိုးမှာ ၄ နှစ်အရွယ်ကလေးတစ်ဦး ကျန်ရှိခဲ့ပါတယ်။ မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီး မအိသွယ်မိုး အပါအဝင် ပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ကြောင့် သေဆုံးထားပါတယ်။