စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့တဲ့ ရွာသား ၄ ဦးရဲ့အလောင်းကို ဩဂုတ် ၃၁ ရက်က ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဩဂုတ် ၃၀ ရက်က ကပေါင်းကျကျေးရွာမှာ ဝင်ရောက်စီးနင်းရှာဖွေတာတွေ လုပ်ခဲ့တာကြောင့် ဒေသခံတော်တော်များများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
ဒေသခံတစ်ဦးက "လောလောဆယ်တော့ ရွာသားရုပ်အလောင်း လေးခုတွေ့ထားတယ်။ အဲ့ဒီထဲက ရုပ်အလောင်းတစ်ခုကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလို့ ဘယ်သူမှန်းတော့ မသိသေးဘူး။ ရွာပတ်ဝန်းကျင်မှာ ရုပ်အလောင်းတွေ ရှိ မရှိ ရွာသားတွေ ရှာနေကြတုန်းပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ကပေါင်းကျကျေးရွာသား ၃ ဦးလောက်ကို ဖမ်းဆီးသွားတဲ့အပြင် လူနေအိမ်တွေပါ အကြောင်းမဲ့ ဖျက်ဆီးတာတွေရှိတယ်လို့ သိရပါတယ်။