မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စကျင်ကျေးရွာ အရှေ့ပိုင်းမှာ သြဂုတ် ၃၁ ရက် ည ၉ နာရီ ၂၀ မိနစ်က ရေဝင်ရောက်ခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စကျင်ကျေးရွာရဲ့ တောင်ဘက်ရှိ ဧက ၆၀၀ ခန့်ရှိ စကျင်အင်း(ခ) စံပြငါးမွေးမြူရေးကန်အတွင်း မိုးရေနဲ့ ဆည်တော်ကြီးဆည်က ဆည်ရေ ဝင်ရောက်လျှံကျပြီး စကျင်ကျေးရွာအရှေ့ပိုင်းကို ရေများဝင်ရောက်ခဲ့တာလို့ မြို့နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
စကျင်ကျေးရွာအနီးရှိ ပုဂ္ဂလိကမွေးမြူရေး ငါးကန်က သဲအိတ်တွေ ကာထားတာကြောင့် ရေတံခါးဖွင့်မရဘဲ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ငါးကန်က ဒီနေ့ထိ တာဝန်ယူမှု တာဝန်ခံမှု မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရေဝင်ရောက်ခဲ့တဲ့ နေရာတွေကို မတ္တရာမြို့နယ်မီးသတ်စခန်းက သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ကူညီဆောင်ရွက်ခဲ့ပါတယ် ။
ရေဝင်ရောက်ခဲ့တဲ့ အိမ်ခြေ ၁၉အိမ်ရှိခဲ့ရာ ယင်းအိမ်များမှာ လူဦးရေ ၉၀ဦးအား ရေဘေးလွတ်ရာ ပုပ္ပါရုံဘုန်းတော်ကြီးကျောင်းသို့ စက်တင်ဘာ ၁ရက် နံနက် ၅နာရီ ၄၅မိနစ်က ယာယီနေရာချထားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်