ကချင်ပြည်နယ်အတွင်းရှိ ဆော့လော်မြို့နယ်၊ လန်ဆယ်လာချင်အုပ်စုမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေက မိုးတွင်းကာလ လမ်းပိတ်နေတဲ့အတွက် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတယ်လို့ လန်ဆယ်လာချင်အုပ်စုမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံ ကိုမြင့်ဦးဆန်းက “အုပ်စုတကြောလုံးမှာ ကျန်းမာရေးဆေးပေးခန်း တစ်ခုမှမရှိရတဲ့အထဲ လမ်းကလည်း ပိတ်တာကြာတော့ စားနပ်ရိက္ခာ ပြတ်လပ်နေကြပြီ။ စားစရာနည်းနည်း စုထားတဲ့သူတွေတောင် ဝေစားမျှစားလုပ်ကြတော့ မကျန်တော့ဘူး။ တာ၀န်ရှိတဲ့ သက်ဆိုင်ရာ လူကြီးမင်းတွေအနေနဲ့ အမြန်ဆုံးနည်းနဲ့ လမ်းပြင်ပေးပြီးတော့ တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်။ ကျနော်တို့ဒေသခံတွေ အကူညီမရရင် ကိုဗစ်ရောဂါကြောင့် မသေရဘဲနဲ့ ငတ်ပြီး သေနိုင်ခြေများပါတယ်” လို့ ပြောပါတယ်။
ဆော့လော်မြို့နယ်၊ လန်ဆယ်လာချင်အုပ်စုမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “ကျမတို့ဒေသမှာ ဆေးဝါ းလုံးဝပြတ်သွားတဲ့အတွက် ဆေးဝယ်ဖို့ မြစ်ကြီးနားကို ဇူလိုင်လမှာ ဆင်းခဲ့တာပါ။ ဒါပေမဲ့ တံတားတွေကျိုး မြေပြိုပြီး လမ်းလုံးဝပိတ်သွားတဲ့အတွက် ကျမတို့ ဒေသကို မပြန်နိုင်သေးပါဘူး။ အခု ကျမတို့ဒေသမှာ ဆေးဝါးတွေမကဘဲ စားနပ်ရိက္ခာတွေလည်း လုံးဝပြတ်လပ်သွားပြီလို့ ကြားရတဲ့အတွက် အင်မတန် စိတ်ပူပန်သောကရောက်နေပါတယ်။ ကျမတို့ အခုလိုချင်တာက ပိတ်ဆို့နေတဲ့လမ်းတွေကို အမြန်ဆုံးရှင်းဖို့ပါပဲ” လို့ ပြောပါတယ်။
ဆော့လော်မြို့နယ်၊ လန်ဆယ်လာချင်ကျေးရွာအုပ်စုမှာ ရွာပေါင်း ၁၃ ရွာရှိပြီးတော့ အိမ်ခြေ ၂၇၁ နဲ့ လူဦးရေ ၁၇၉၂ ဦးလောက် နေထိုင်ကြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေမှာ စားနပ်ရိက္ခာတွေကို တရုတ်ပြည်နဲ့ မြစ်ကြီးနားဘက်ကနေ ဝယ်ယူ စားသုံးခဲ့ကြပေမယ် အခုနှစ်မှာတော့ သုံးချောင်းဆုံနဲ့လာအိုလော်ကြားမှာ တံတားကျိုး၊ မြေပြိုပြီးလမ်းပိတ်နေတဲ့အတွက် မြစ်ကြီးနားဘက်ကို သွားလို့မရတဲ့အပြင် ကိုဗစ်-၁၉ ကြောင့် တရုတ်ပြည်ဂိတ်တွေလည်း ပိတ်ထားတဲ့အတွက် ဒုက္ခရောက်နေရတာလို့ သိရပါတယ်။