အီဂျစ်ကြားဖြတ်အစိုးရအဖွဲ့သမ္မတက ဆန္ဒခံယူပွဲတွင် မဲပေးရန် ကြေညာ

646
အီဂျစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် လာမယ့်နှစ် ဇန်န၀ါရီ ၁၄နဲ့ ၁၅ ရက်တွေမှာ ကျင်းပမယ့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မဲပေးကြဖို့ ကြားဖြတ်အစိုးရအဖွဲ့ရဲ့ သမ္မတ အက်ဒ်လီမွန်ဆူးဝ်က ဒီဇင်ဘာ ၁၄ ရက်နေ့က နိုင်ငံပိုင် ရုပ်သံကနေ ကြေညာပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဟာ စစ်တပ်ရဲ့ နိုင်ငံရေးအသွင် ကူးပြောင်းမှု လမ်းပြမြေပုံရဲ့ ပထမဆုံး ခြေလှမ်းလဲ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီ လမ်းပြမြေပုံဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် ပါလီမန်ရွေးကောက်ပွဲနဲ့ သမ္မတ ရွေးကောက်ပွဲတွေနဲ့ အဆုံးသတ်မှာ ဖြစ်ပါတယ်။
အခြေခံဥပဒေမူကြမ်းမှာ စစ်တပ်ရဲ့ လွတ်လပ်မှုကို အားဖြည့်ထားပြီး ဘာသာရေးဆိုင်ရာ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းမှုကို ပိုပြီး ကန့်သတ်ထားပါတယ်။
အီဂျစ်ပြည်သူ ၈၅ သန်းထဲက သန်း ၅၀ လောက် မဲပေးခွင့် ရှိနေပါတယ်။ ပြည်သူတွေကြားမှာတော့ ဆန္ဒခံယူပွဲအပေါ် မျှော်လင့်သူလဲ ရှိသလို မယုံကြည်သူတွေလဲ ရှိနေပါတယ်။
ကြားဖြတ်အစိုးရအဖွဲ့ရဲ့ သမ္မတက နာမည်စာရင်းတင်သွင်းတဲ့ ညီလာခံအဖွဲ့ဝင်တွေက ဒီလ အစောပိုင်းက အခြေခံဥပဒေ မူကြမ်းကို အပြီးသတ် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်က အီဂျစ်မှာ သမ္မတ ဟူစနီ မူဘာရတ်ကို ဖြုတ်ချအပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအားလုံးမှာတော့ အစ္စလာမ္မစ်တွေက အနိုင်ရခဲ့ပါတယ်။
