ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ မြို့မရဲစခန်းအနီး ညောင်တုန်းလမ်းမကြီးပေါ်မှာ သြဂုတ် ၃၀ ရက်ည ၇ နာရီခွဲလောက်က အသံကျယ်လောင်တဲ့ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးနားဝန်းကျင်ရှိ လူနှစ်ဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး CGF HTY က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Facebook စာမျက်နှာကတဆင့် ဖော်ပြထားပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီး အကြောင်းမဲ့ ဖမ်းဆီးခံထားရသူတွေကို မလွှတ်ပေးသေးသလို ထိခိုက်မှု အသေးစိတ်ကိုလည်း မသိရှိရသေးပါဘူး။ အခင်းဖြစ်ပွားတဲ့ ညောင်တုန်းလမ်းမကို ခေတ္တယာယီပိတ်ထားပြီး လမ်းလွှဲကနေ မောင်းနှင်ခွင့်ပြုထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါမြို့မရဲစခန်းအနီးမှာ ဩဂုတ် ၂၀ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စခန်းရှေ့ရှိသော ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။