တရုတ် လစူးစမ်းရေးယာဉ် လမျက်နှာပြင်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်

1K
တရုတ် လစူးစမ်းရေးယာဉ် ချန်ဂါ ၃ ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့ လမျက်နှာပြင်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ တရုတ်အစိုးရ ရုပ်မြင်သံကြားက ကြေညာပါတယ်။
ဒါဟာ ၁၉၇၆ ခုနှစ် နောက်ပိုင်း လမျက်နှာပြင်ပေါ် ပထမဆုံးရောက်သွားတဲ့ လဆင်းယာဉ် ဖြစ်ပါတယ်။
ဒီမတိုင်ခင်က အမေရိကန်ပြည်ထောင်စုနဲ့ အရင် ဆိုဗီယက်ပြည်ထောင်စုတို့ရဲ့ လဆင်းယာဉ်တွေ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြပါတယ်။
လမျက်နှာပြင်ပေါ်မှာ ချန်ဂါသရီး ရောက်နေတဲ့ နေရာ၊ လမျက်နှာပြင်ပေါ်ရောက်နေတဲ့ ချန်ဂါသရီးရဲ့ ပုံရိပ်တွေကို စီစီတီဗွီက ထုတ်လွှင့်သွားပါတယ်။ ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ မနက်ပိုင်းမှာတော့ ဘီးခြောက်ဘီးပါတဲ့ လပေါ်သွားယာဉ်လည်း ချန်ဂါသရီးထဲကနေ လမျက်နှာပြင်ကို ဆင်းသက်နိုင်ပြီလို့ ပေကျင်း အာကာသထိန်းချုပ်ရေးဌာနက ဆိုပါတယ်။
လပေါ်သွားယာဉ် ယူတူး (ကျောက်စိမ်းယုန်)မှာ ကင်မရာတွေ တပ်ဆင်ထားတာကြောင့် လမျက်နှာပြင်ပေါ်က အချက်အလက်တွေကို မှတ်တမ်းယူမှာ ဖြစ်ပါတယ်။
ချန်ဂါ သရီးကို ဒီဇင်ဘာ ၂ ရက်နေ့က တရုတ်ရဲ့ ရှီးချန်း ဂြိုလ်တု လွှတ်တင်ရေးဌာနကနေ အောင်အောင်မြင်မြင် လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ တရုတ် အာကာသယာဉ်တွေက ကမ္ဘာ့မဟုတ်တဲ့ ဂြိုလ်မျက်နှာပြင်ပေါ်မှာ ပထမဆုံးအကြိမ် soft landing စနစ်နဲ့ ဆင်းသက်နိုင်တာလည်း ဖြစ်ပါတယ်။
