ကောလင်းမြို့နယ်၊ ပဒုမ္မာရွာနဲ့ ကျွန်းတောရွာကြား ရွှေဘို/မြစ်ကြီးနား ကားလမ်းမပေါ်မှာ သြဂုတ် ၃၀ ရက်နေ့ မနက် ၁၀ နာရီလောက်က စစ်ကောင်စီယာဉ် ၅ စီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။
“ဘယ်လောက်ကျဆုံးမယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်ဘူးနိုင်ဘူဗျ။ ခန့်မှန်းခြေပဲ ပြောလို့ရမယ်လေ။ အတိအကျ စာရင်းထိုင်ကောက်လို့ရတဲ့ဟာမျိုးမှ မဟုတ်တာဗျ။ အသွားအလာတွေ အကုန်ကန့်သတ်ထားကြတယ်။ ကျောင်းကုန်းကျေးရွာနဲ့ ထီးချိုင့်လမ်းမှာ လုံခြုံရေးယူထားတဲ့ စကစ ကား ၅ စီး ကောလင်းဘက်ကိုသွားတာ။ ပဒုမ္မာနဲ့ ကျွန်းတောကြားလောက်မှာ မိုင်းခွဲခံရတာ ၄ စီးမိုင်းထိတယ်။ တစ်စီးကတော့ လွတ်သွားတယ်ဗျ။ စစ်သားတော့ ၄၀ လောက် ကျနိုင်တယ်” လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ကောလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က စစ်ကောင်စီတပ်တွေရဲ့ ယာဉ်တန်းကို မကြာခဏ မိုင်းခွဲတိုက်ခိုက်နေပြီး မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တွေကလည်း ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အနီးဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက်ရှာဖွေဖျက်ဆီးကာ၊ အပြစ်မဲ့ပြည်သူတွေကို ထင်ကြေးနဲ့ဖမ်းဆီးတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။