Home
မြန်မာသတင်း
စစ်ကောင်စီအကြမ်းဖက်အဖွဲ့က မန္တလေးစက်သုံးဆီလုပ်ငန်းရှင်များထံမှ ဒီဇယ်တောင်းနေ
DVB
·
August 30, 2021

စစ်ကောင်စီအကြမ်းဖက်အဖွဲ့က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီလုပ်ငန်းရှင်တွေ ဒီဇယ်စက်သုံးဆီတွေ လှူဒါန်းပေးကြဖို့ တောင်းခံထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက သြဂုတ်လ ၂၆ ရက်နေ့စွဲနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာလုပ်ငန်းရှင်တွေထံ အကြောင်းကြားစာ တစောင်ပေးပို့ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ရဲ့ မေတ္တာရပ်ခံချက်အရ ရွှေကြက်ယက်ဆိပ်ကမ်းကို အခြေပြုပြီး စက်သုံးဆီလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ စေတနာတတ်အားသရွေ့ ဒီဇယ်စက်သုံးဆီတွေ လှူဒါန်းပေးကြပါလို့ ကြောင်းကြားစာမှာ ဖော်ပြပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမည်မဖော်လိုသူ မန္တလေးအခြေစိုက် စက်သုံးဆီလုပ်ငန်းရှင်တဦးက “ကုမ္ပဏီကြီးတွေဆီတော့ အလှူခံတဲ့စာရောက်လာ ပြီလို့ဆိုပါတယ်။ ဘယ်သူမှလည်း အသံမထွက်ရဲဘူးလေ။ တကယ်လို့ အသံထွက်လည်း ထွက်တဲ့သူ အဖမ်းခံရမှာပေါ့။ သူတို့က အလှူခံတယ်ဆိုတော့လည်း လှူရတာပေါ့နော်။ ဘယ်ရွှေ့ ဘယ်မျှတော့ မပြောဘူးပေါ့။ စေတနာရှိသလောက် ဆိုပေမယ့် ၄၊ ၅၊ ၁၀ ဂါလန်လောက် လှူလို့လည်း ရတာမှမဟုတ်တာ။ ရာနဲ့ချီပြီး ပေးရမှာပေါ့။ ဘယ်တတ်နိုင်မလဲ။ မြန်မာပြည်မှာ စီးပွားရေးလုပ်တာ သူတို့နဲ့မှ ကင်းလို့ မရတာ”လို့ ပြောပါတယ်။ 

အလားတူ မန္တလေးအခြေစိုက် စက်သုံးဆီ ပန့်အရောင်းဆိုင်ရှင်တဦးကလည်း “ကျနော်တို့ စက်သုံးဆီ ပန့်အရောင်းဆိုင်တွေဆီတော့ လောလောဆယ် အလှူခံမရောက်သေးဘူး။ ဒါပေမဲ့ နောက်ပိုင်းတော့ ရောက်လာမှာပေါ့ဗျာ။ သူတို့ အလှူခံတာမပေးရင်လည်း အခုချိန် ပြဿနာမရှာရင်တောင် နောက်ကျရင် အမျိုးမျိုးနဲ့ အရှာခံရမှာပေါ့။ အဲဲဒီလိုမျိုးကလည်း ရှိတော့ ကြောက်ပြီး လုပ်ရတာပေါ့” လို့ ဆိုပါတယ်။

ရန်ကုန်အခြေစိုက် စက်သုံးဆီလုပ်ငန်းရှင်တဦးကတော့ ရန်ကုန်မှာ စက်သုံးဆီအလှူခံတဲ့ကိစ္စ အခုအချိန်အထိ မရှိသေးကြောင်းနဲ့ တကယ်လို့ အလှူခံလာရင်လည်း မပေးလို့ရတဲ့ အခြေအနေမျိုးမဟုတ်လို့ ကိုယ်တတ်နိုင်သလောက် ပေးရမယ့် အခြေအနေပါလို့ ပြောပါတယ်။

လက်ရှိ စက်သုံးဆီရောင်းဝယ်ရေးစျေးကွက်အခြေအနေက ရန်ကုန် အပါအဝင် မန္တလေးမြို့မှာလည်း နိုင်ငံခြားငွေကြေး စျေးနှုန်း မတည်ငြိမ်တဲ့အပေါ် လုပ်ရကိုင်ရတာ ပိုမိုခက်ခဲလာပြီး အရောင်းအဝယ်တွေလည်း ကျနေတယ်လို့ သိရပါတယ်။

စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက “ရောင်းအားက တဆိုင်နဲ့တဆိုင် မတူဘူးဆိုပေမဲ့ အရောင်းအဝယ်တွေက အရင်ပုံမှန်ထက်စာရင် တော်တော်လေး ကျသွားတယ်။ လူတွေက အပြင်သိပ်မထွက်တာလည်း ပါတယ်။ မြို့ထဲက ဆိုင်တွေဆိုရင် ထက်ဝက်လောက် ရောင်းအားကျတယ်။ နယ်ဘက်က  ကားကြီးတွေအဓိကရောင်းတဲ့ ဆိုင်တွေဆိုရင်  ၇၅ ရာခိုင်နှုန်းလောက် အရောင်းကျတယ်။ တရုတ်ဘက်က  ပိတ်ထားတော့ ကုန်ကားကြီးတွေက မထွက်သလောက်ဘဲ ရပ်ထားကြရတာ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးခါစ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်က ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ၁ လီတာစျေးနှုန်း ဒီဇယ်က ၆၆၀ ကျပ်၊ ပရီမီယံဒီဇယ်က ၆၇၀ ကျပ်၊ အောက်တိန်း 92 Ron က  ၆၂၀ ကျပ်၊ အောက်တိန်း 95 Ron က ၇၅၀ ကျပ်သာ ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ၁ လီတာ စျေးနှုန်းတွေက ဘယ်စက်သုံးဆီအမျိုးအစားကိုမဆို ၁၁၀၀ ကျပ်ကျော် ရှိနေပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့အချက်အရ မြန်မာနိုင်ငံက နှစ်စဉ် စက်သုံးဆီတန်ချိန် ၆ သန်းခန့် တင်သွင်းနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024