ပုလဲမြို့နယ်၊ စစ်ရင်ကျေးရွာအနီးက ပျားဆွဲတောင်မှာ ဩဂုတ် ၃၀ ရက်နေ့ နေ့လယ် ၁ နာရီလောက်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲနဲ့ ဒေသခံပုလဲ၊ ယင်းမာပင်၊ ကနီပူးပေါင်း မဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ပုလဲ ပြည်သူကာကွယ်ရေးအဖွဲ့ဝင်တဦးက “ဟုတ်တယ်ဗျ၊ နေ့လယ် ၁ နာရီခန့်က တိုက်ပွဲဖြစ်တယ်။ ကျနော်တို့က ပြောက်ကျားတိုက်တာ။ လက်ရှိအချိန်အထိ တိုက်နေတုန်းဗျ။ အကျအဆုံးကတော့ စစ်ခွေးတွေဘက်က ၈ ဦး အထက်မှာရှိတယ်။ ကျနော်တို့ ဘက်ကတော့ လောလောဆယ်အချိန်အထိ အကျဆုံးမရှိသေးဘူးလို့ ပြောရမယ်။ တိုက်ပွဲက မပြီးသေးဘူး” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း နေ့စဉ် မိုးရွာနေတာကြောင့် တိုက်ပွဲအတွင်း သေနတ် ပစ်ခတ်ရာမှာ အခက်အခဲတွေလည်းရှိတယ်လို့ တိုက်ပွဲအတွင်းပါဝင်နေတဲ့ PDF တပ်သားတွေက ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။