ခြိမ်းခြောက်အနိုင်ကျင့်မှုအောက်က လက်လုပ်လက်စား ဈေးရောင်းသမများ

“ ရှာစားရတာလည်းမလွယ်ပါဘူး။ သူတို့က သေနတ်ကြီးနဲ့ ခြိမ်းလိုက်ခြောက်လိုက်နဲ့။ မနေ့ကဆို တံတားထိပ်မှာ စစ် နေတာ နေ့တဝက်ကျိုးတယ်။ ကုန်ကအချိန်နဲ့ရောင်းရတာ နောက်ကျရင်ပုပ်ကုန်ရော”လို့ အရောင်မရှိတော့တဲ့ ခပ်နွမ်းနွမ်း အဝတ်အစားတွေကို ဝတ်ထားတဲ့ မိလှိုင်းက ဆိုပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ မိလှိုင်းဟာ သီရိမင်္ဂလာဈေးမှာ ကုန်ဝယ်ပြီး လှိုင်သာယာမြို့နယ်တခွင် တစ်လမ်းဝင်၊ တစ်လမ်း ထွက်နဲ့ ရာသီပေါ်သီးနှံတွေအပြင် ဟင်းရွက်ဟင်းသီးရောင်းနေရတဲ့ ဈေးသည်တစ်ဦးပါ။

စစ်အာဏာမသိမ်းမီကတော့ မိလှိုင်းဟာ ဘုရင့်နောင်ပွဲရုံမှာ တနေ့ ငါးထောင်နီးပါးရတဲ့ ကွမ်းသီးရွေးတဲ့ နေ့စားအလုပ်ရှိပြီး အမျိုးသားဖြစ်သူ ကိုစံလှက စက်ရုံညစောင့်အလုပ်သမားဖြစ်တာကြောင့် ကလေးသုံးယောက်ရှိတဲ့ သူတို့အတွက်တော့ အနည်းငယ် အနေချောင်ခဲ့ပါတယ်။

စစ်အုပ်ချုပ်မှုအောက် ရောက်တဲ့အခါမှာတော့ သူတို့ရဲ့လုပ်ငန်းအားလုံးနဲ့အတူ ဝင်ငွေလည်း ရပ်သွားတဲ့အတွက် ထိုင်စား လို့မဖြစ်တဲ့ အခြေအနေမှာ ရရာအလုပ်ထွက်လုပ်ရာက စစ်တပ်နဲ့ရဲတွေရဲ့ အနိုင်ကျင့်မှုတွေကြောင့် မိလှိုင်းတို့လို တစ်နေ့ စာတစ်နေ့ ရှာဖွေစားသောက်နေရတဲ့ သူတွေ ဝမ်းစာရှာရာမှာ အခက်တွေ့နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေဟာ မြို့တွေထဲမှာ ငွေတွေပစ္စည်းတွေကို ပေါ်တင်လုယက်ပြီး ပြည်သူ တွေရဲ့ ပစ္စည်းဥစ္စာတွေကိုလည်း ဖျက်လိုဖျက်စီးတွေ ပြုလုပ်နေတာကြောင့်လည်း ပြည်သူလူထုက နိစ္စဒူ၀ စိုးရိမ်ထိတ်လန့် နေကြရပါတယ်။

“ အခုသူတို့စစ်နေတာ ဘာကိုရှာပြီးစစ်နေမှန်းလည်းမသိဘူး။ ဥပမာ လက်နက်ပါလားဘာညာပေါ့။ အခုက အဲ့လိုမဟုတ် ဘူး။ စစ်ဆေးသလိုဘာလိုလိုနဲ့ ဓါးမြတိုက်ချင်နေတာ။ ပိုက်ဆံဘယ်လောက်ပါလဲမေးတယ်။ မပါဘူး ခုမှဈေးသွားရောင်းမှာ ဆိုတော့ သွားသွားတဲ့” လို့ မိလှိုင်းက ပြန်ပြောပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကလည်း တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်တပ်ကနေအိမ်တခုကို ဝင်စီးကာ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်ကို ရိုက်နှက်ပြီး ငွေကျပ် လေးသိန်း လုယူမှု ဖြစ်ပွားခဲ့ပါသေးတယ်။

အလားတူ ဧပြီလအတွင်းကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်မှာ စစ်တပ်နဲ့ ရဲတွေဟာ ပြည်သူတဦးထံမှ ငွေကျပ် ၁၀ သိန်းလုယူသွားတာကြောင့် ပြည်သူတွေဟာ ကျီးလန့်စာ စားရသလို နေကြရတယ်။

မိလှိုင်းနည်းတူ လှိုင်သာယာမြို့နယ်အတွင်းမှာ ငါးရောင်းတဲ့ ဗျန်းရွက်ဈေးသည် မအုန်းလှဆိုရင်လည်း ငါးသွားဝယ်ရာမှ စစ်တပ်ရဲ့ခြိမ်းခြောက်အနိုင်ကျင့်မှုကို ခံခဲ့ရသူပါ။ သူနေတဲ့ လှိုင်သာယာကျောင်းကုန်းဘက်နဲ့ သုံးမိုင်လောက်ဝေးတဲ့ ခနောင်ရွာမှာ နေ့တိုင်း ငါးသွားဝယ်ရပါတယ်။

တနေ့ မအုန်းလှ သမ္ဗန်နဲ့ ငါးသွားဝယ်တဲ့အခါ ကင်းလှည့်လာတဲ့ စစ်တပ်မော်တော်ဘုတ်နဲ့ ထိပ်တိုက်တွေ့ပါတယ်။ ယခင် နေ့တွေလိုပဲ စစ်တပ်လှေလာရင် သမ္ဗန်တွေ ဘေးချရပ်ပေးနေတဲ့အချိန်မှာ ဘယ်သွားမှာလဲ။ ညနေ ၅ နာရီထိုးမှ ထွက် ရမယ်လို့ အမိန့်ပေးပါတယ်။

အမိန့်ကြောင့် သူတို့ဟာ မနက် ၁၀နာရီကနေ ညနေ ငါးနာရီထိ နေပူကျဲကျဲအောက်မှာ အချိန် ခုနစ်နာရီနီးပါးကြာအောင် မြစ်ထဲမှာ စောင့်နေခဲ့ရပြီး ထွက်လို့ရချိန်မှာတော့ စစ်သားတွေရှေ့မို့ စက်မနှိုးသေးဘဲ လက်နဲ့လှော်ထွက်တဲ့အခါ “ပစ်လိုက် မယ်။ သေချင်လို့ လက်နဲ့လှော်နေတာလား။ စက်ဖွင့်လေ”လို့ စစ်သားတွေက ကြိမ်းဝါးသွားပါတယ်။

“ အခုအချိန်မှာ သွားရလာရတာ အရမ်းကြပ်တယ်။ သူတို့က ဟိုဟာမလုပ်ရဘူး။ ဒီလမ်းမသွားနဲ့ အဲ့လိုခြိမ်းခြောက်ပြီး လုပ်ရင်ပစ်မယ်လို့လည်း ပြောသေးတယ်။ ” လို့ မအုန်းလှက ဆိုပါတယ်။

ဒီလို အခက်အခဲတွေ ရင်ဆိုင်နေရတာ သူတို့ နှစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ လှိုင်သာယာမြို့နယ်ထဲမှာ ဈေးလှည့် လည်ရောင်းနေကြတဲ့ အသက် ၄၀ ကျော်အရွယ် မအေးမျိုးနဲ့ အသက် ၃၂ အရွယ် မတင်တင်ခိုင်တို့လည်း အပါအဝင်ပါ။

မအေးမျိုးက “ပန်းဝယ်သွားတော့၂ နာရီနောက်ပိုင်း ပြန်ရမယ်။ မပြန်ရင်ပစ်မယ်ဆိုလို့ ဈေးကို တက်သုတ်ရိုက်ဝယ်ရ တယ်။ လမ်းမှာလည်း စစ်သား အယောက် ၂၀လောက် သေနတ်တွေနဲ့စစ်နေတာ။ အဲ့မှာကြာသွားတော့ ဈေးကို နေဝင်မှ ရောက်တော့ ဈေးရောင်းလို့ မရတော့ဘူးလေ”လို့ ရှင်းပြပါတယ်။

ကိုယ်ဝန်ဆောင်ဖြစ်တဲ့ မအေးမျိုး ဆေးခန်းပြပြီး ပြန်လာတဲ့အချိန်မှာလည်း စစ်တပ်နဲ့ ရဲတွေက မအေးမျိုးယောက်ျားကို စစ်ဆေးဖို့ရှိတယ်ဆိုပြီး ဖမ်းခေါ်ထားတဲ့အတွက် နောက်ဆုံးမှာ ငွေတစ်သိန်းနဲ့ ပြန်ရွေးယူခဲ့ရတဲ့အတွက် အပြင်မထွက်ရဲသ လောက်တောင် ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

မအေးမျိုးဟာ လှိုင်သာယာရပ်ကွက်ထဲမှာ ပန်းမျိုးစုံလှည့်လည်ရောင်းနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ဖြစ်ပြီး စစ်အာဏာမသိမ်းမီက စက်ရုံတခုမှာ တရက်ကို ငွေကျပ် ငါးထောင်ကျော်ရတဲ့ သီဟိုစေ့ခြစ်ရတဲ့ အလုပ်လုပ်ကိုင်ခဲ့သူပါ။

သစ်သီးရောင်းတဲ့ မတင်တင်ခိုင်ကလည်း “ဒီစစ်တပ်တက်ကတည်းက တစ်ရက်မှ စိတ်ချမ်းချမ်းသာသာနေရတယ်။ ဈေး ရောင်းရတယ်လို့မရှိဘူး။ အလုပ်ကမရှိရတဲ့ကြားထဲ သူတို့ကခေါင်းပုံဖြတ်ယူနေတော့ ကျွန်မတို့ကငတ်ပြီပေါ့” လို့ ဆိုပါ တယ်။

ဧပြီလ ၂၂ ရက်နေ့က မတင်တင်ခိုင် ကုန်ဝယ်ပြန်လာတဲ့လမ်းမှာ စစ်တပ်နဲ့ ရဲတွေက ဖုန်းကိုယူစစ်ပြီး ဆန္ဒပြလားလို့ မေး ကာ ပိုက်ဆံနဲ့သစ်သီးပေးမှ ဖုန်းပြန်ပေးမယ်ဆိုတာကြောင့် ငွေသားသုံးသောင်းနဲ့ သစ်သီးဖာတစ်ခု ပေးထားခဲ့ရတဲ့ အတွက် အရင်းပြုတ်သွားခဲ့ရပါတယ်။

မတင်တင်ခိုင်ဟာ လှိုင်သာယာမြို့နယ်ထဲက ဈေးတခုမှာ သစ်သီးရောင်းနေတဲ့သူဖြစ်ပြီး စစ်အုပ်ချုပ်ရေး မတိုင်မီကတော့ ဆန်ပွဲရုံတခုမှာ သန့်ရှင်းရေးလုပ်ပေးရတဲ့ အချိန်ပိုင်း အလုပ်သမပါ။

သူတို့တွေဟာ ကိုဗစ်ကာလမှာလည်း စားဝတ်နေရေးခက်ခဲတဲ့ ဒဏ်ကို လူးလိမ့်ခံစားခဲ့ရသလို စစ်အုပ်ချုပ်ရေးကာလမှာ လည်း အလုပ်မရှိရတဲ့ကြားထဲ လုယက်မှုတွေက ထပ်ဝင်လာပြန်တော့ အလုပ်အကိုင်နဲ့ ဝင်ငွေကြပ်တည်းမှုနဲ့ ရင်ဆိုင်ရပြန် ပါတယ်။

မတင်တင်ခိုင်ကတော့ “ ကိုဗစ်ထက်ဆိုးတဲ့ ဒုက္ခမတွေ့ရတော့ဘူးထင်တာ အခုစစ်တပ်က ကိုဗစ်ထက်ဆိုးတယ်။ တစ်ရက် မှ ဈေးကောင်းကောင်းမရောင်းရဘူး။ တော်ကြာဟိုနားမှာဖမ်းလို့၊ ဒီနားမှာပစ်လို့နဲ့ လူတွေလည်း ဈေးတောင် မဝယ်ရဲတော့ ဘူး” လို့ ဆိုပါတယ်။

စစ်တပ်နဲ့ရဲတွေရဲ့ အချိန်ကြာလွန်းတဲ့ စစ်ဆေးမှုတွေကြောင့် ဈေးရောင်းချိန် ကုန်သွားတာ၊ ကုန်တွေပုပ်သိုးတာ၊ မွေနှောက်ရှာခံရလို့ ပျက်စီးကုန်တာတွေကြောင့် အရင်းရှုံးပြီးကြွေးပူမိနေတဲ့ ဈေးသည်တွေများလာလို့ ရေရှည်မှာ ဒုက္ခပို ရောက်နိုင်တယ်လို့လည်း ဈေးသည်တွေက သုံးသပ်နေကြပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံအနှံ့အပြားမှာရှိတဲ့ အလုပ်အားလုံးနီးပါးဟာ ရပ်ဆိုင်းထားရတဲ့အတွက် အလုပ်လက်မဲ့ တွေ ပိုများလာတဲ့ကြားက အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားကစ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဈေးသည်တွေအနေနဲ့ ပိုမိုဆင်းရဲကျပ်တည်းလာတာ ဖြစ်ပါတယ်။

မိလှိုင်းက“ကိုဗစ်ဖြစ်နေတဲ့အချိန်က ရောင်းနေရသေးတယ်။ အရင်ကဆို တရက်ကို တစ်သောင်းခွဲ၊ နှစ်သောင်းလောက် အသားတင်ကျန်တယ်။ အခုဆို နှစ်ရက်ရောင်းတာတောင် ၇ ထောင်၊ ၈ ထောင်ရဖို့ မနည်းပဲ”လို့ ညီးညီးညူညူနဲ့ ရှင်းပြ ပါတယ်။

ဒါတွေဟာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ရေရှည်မှာ အငတ်ဘေး ကြုံလာ ရနိုင်တယ်လို့လည်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ထောက်ပြထားပါတယ်။ WFP က လာမယ့် ခြောက်လအတွင်းမှာ မြန်မာနိုင်ငံရှိ လူဦးရေ သုံးသန်းခွဲလောက် အငတ်ဘေးကြုံနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီအတွက် မြန်မာနိုင်ငံရှိ မြို့ကြီးတွေက ဆင်းရဲတဲ့ မြို့နယ်တွေနဲ့ တခြားဒေသတွေမှာရှိတဲ့ မကြာသေမီက နေအိမ်တွေ ကနေ တိမ်းရှောင်လာသူတွေကို အကာအကွယ်ပေးဖို့ လိုအပ်နေသူပေါင်း နှစ်သန်းလောက်ကို အကူအညီပေးဖို့ စတင် နေပြီလို့ WFP က ပြောပါတယ်။

ယခင်အစိုးရလက်ထက်မှာ ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားတွေကို စားနပ်ရိက္ခာတွေအပြင် အိမ်ထောင်စုတစ်ခုကို ငွေကျပ် တစ်သောင်းခွဲမှ နောက်ပိုင်းမှာ သုံးသောင်းအထိ တိုးမြှင့်ပေးခဲ့တာကြောင့် မိလှိုင်းတို့လို အခြေခံလူတန်းစားတွေ အနေနဲ့ အနည်းငယ်အသက်ရှူချောင်ခဲ့ကြတယ်။

ဒီလိုအချိန်မှာ စစ်တပ်က နိုင်ငံတော်အာဏာကို ရုတ်တရက်သိမ်းယူပြီး နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူအားလုံးကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒါတွေကို လက်မခံနိုင်တဲ့ ပြည်သူတွေကလမ်းပေါ် ထွက်ဆန္ဒပြကြ ပါတယ်။

စစ်တပ်ရဲ့နှိမ်နင်းအကြမ်းဖက်မှုတွေကြောင့် စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်က စပြီး အမျိုးသမီးနဲ့ မိန်းက လေးငယ်ပေါင်း ၄၅ ယောက်သေဆုံးခဲ့ရပြီး ရာကျော်တဲ့ အမျိုးသမီးအရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ သတင်း သမားတွေ ဖမ်းဆီးခံထားရတယ်လို့ ကုလသမဂ္ဂအမျိုးသမီးအဖွဲ့က ဧပြီ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှုကို အလိုမရှိတဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်တော်လှန်မှုတွေကြောင့် အုပ်ချုပ်မှုယန္တရားက ယနေ့ထိတိုင် မစနိုင်သေးပါဘူး။ အခုဆိုရင် စစ်တပ်က အာဏာသိမ်းထားတာ ရက်ပေါင်း ၉၀ ရှိလာသည့်တိုင် နည်းမျိုးစုံနဲ့ ပစ်ခတ် ဖမ်းဆီး သတ်ဖြတ်မှုတွေလုပ်နေပေမယ့် စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ တော်လှန်ရေးသပိတ်စစ်ကြောင်းတွေကတော့ ယနေ့တိုင် ရှိနေဆဲပါပဲ။

Honest Information (HI)

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up