စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မှာ ဩဂုတ် ၂၉ ရက် ညနေ ၄ နာရီလောက်က ရေတွင်းဆင်းဆယ်သူတစ်ဦး အောက်ဆီဂျင်ပြတ် သေဆုံးသွားတယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
သေဆုံးသူဟာ တိုက်ကုန်းကျေးရွာက အသက် ၂၂ နှစ်အရွယ် မောင်ပိုင်ဖြိုးသန့် ဖြစ်ပြီး ဝက်လက်မြို့ အမှတ်(၂)ကုန်သည်ရပ်က နေအိမ်တစ်အိမ်မှာ ပေ ၄၀လောက်နက်တဲ့ ရေတွင်းထဲ အမှိုက်သရိုက် ဆင်းဆယ်ရာမှာ အောက်ဆီဂျင်ပြတ်သေဆုံးခဲ့တာဖြစ်ပါတယ်။
မီးသတ်ဌာနတာဝန်ရှိသူတစ်ဦးက “ နယ်က ကလေးပါ။ မြို့ပေါ်လာပြီး ရေတွင်းဆင်းဆယ်ရာကနေ အောက်ဆီဂျင်ပြတ်ပြီး သေသွားတာ။ ကျနော်တို့ကိုအကူအညီတောင်းလို့ ဆယ်ယူပေးခဲ့ပါပြီ”လို့ ပြောပါတယ်။
သေဆုံးသူရဲ့ အလောင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့က ဆယ်ယူပေးခဲ့တာဖြစ်ပြီး ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။