မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၄ ရပ်ကွက် ၆၂ လမ်း၊ ၁၁၂ လမ်းနဲ့ ၁၁၃ လမ်းကြား သစ်တောရုံးရှေ့က စစ်ဆေးရေးဂိတ်မှာ ဩဂုတ် ၂၉ ရက် မနက် ၁၀ နာရီကျော်က လက်လုပ်မိုင်းပေါက်ကွဲခဲ့ပါတယ်။
စစ်ဆေးရေးဂိတ်မှာ ပူးပေါင်းအဖွဲ့က စစ်ဆေးရေးပြုလုပ်နေတဲ့အချိန် ပေါက်ကွဲတာဖြစ်ပြီး စစ်ကောင်စီတပ်သားတချို့နဲ့ စစ်ဆေးရေးမှာ ပါသူတချို့ မစိုးရိမ်ရတဲ့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
“ပေါက်ကွဲသံကတော့ အကျယ်ကြီးကြားလိုက်ရတာ။ မကြာဘူး လူနာတင်ကားတွေ ရောက်လာတယ်။ ဒဏ်ရာရသူ တချို့ရှိတယ်ကြားတယ်။ ပေါက်ကွဲပြီးတော့ အဲ့ဒီနားမှာ ဖြတ်သန်းသွားလာမယ့်ပြည်သူတွေ ပြန်လှည့်ခိုင်းတာရှိတယ်။”လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပေါက်ကွဲမှုကြောင့် မြို့သစ်၁ အုပ်ချုပ်ရေးမှူး ကိုမျိုးတင့် ရဲ့ ကား နောက်ပိုင်း မှန်နဲ့ ကိုယ်ထည် ပျက်စီးတာလည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၂၈ ညနေ ၄ နာရီခွဲလောက်ကလည်း မန္တလေးမြို့ ၅၈ လမ်း ၂၂ လမ်း၊ ၂၃ လမ်းအကြားရှိ မန္တလေးဆေးတက္ကသိုလ် ဒုပါမာက္ခချုပ် ဒေါက်တာအေးအေးချစ်ရဲ့ နေအိမ်အနီးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒီနေ့လည်း စစ်ကောင်စီတပ်သားတွေ အိမ်ရှေ့လုံခြုံရေးယူနေပါတယ်။