Home
မြန်မာသတင်း
စစ်ကောင်စီက ထောက်ပံ့ပစ္စည်းများ သယ်ခွင့်မပြုသဖြင့် စစ်ရှောင်များစားနပ်ရိက္ခာ အကူအညီ လိုအပ်
DVB
·
August 28, 2021

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မြန်မာ-တရုတ်နယ်စပ် မုံးကိုး ဖောင်းဆိုင်ဘက်က စစ်ရှောင်‌‌တွေအား ကူညီထောက်ပံ့မယ့် ပစ္စည်းတွေကို စစ်ကောင်စီက သယ်ခွင့်မပြုတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ မိုးကာတွေ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လူတစ်ယောက် ဆန်တစ်ပြည်ပဲ သယ်ခွင့်ရှိတယ်။ ပစ္စည်းတင်လာရင် ပေးမသွားဘူး။ ပစ္စည်းတင်တာတောင် ဆိုင်ကယ် အိတ်ခွံပဲ ညှပ်လာရင်တောင် ပြန်လှည့်ခိုင်းတယ်။ အဲလိုမျိုး ပြဿနာရှိတယ်။”

စစ်ကောင်စီတပ်က လမ်းတွေမှာ စောင့်ဆိုင်းစစ်ဆေးပြီး တားဆီးပိတ်ဆို့ထားတာကြောင့် ဆန်တွေ လှူထားတာ ရှိပေမယ့် မုံးကိုးဘက်က ကူညီထောက်ပံ့ပေးမယ့် ပစ္စည်းတွေ စစ်ရှောင်တွေဆီ လုံးဝပို့လို့မရဘဲ မြို့ထဲမှာ သောင်တင်‌နေတာလို့ ဆိုပါတယ်။

ကူညီပေးနေသူ မုံးကိုးမြို့က လူငယ်တစ်ဦးက “ပိုက်ဆံပဲ ပေးလို့ရတယ်။ ပိုက်ဆံလှူရင်ကျတော့ သူတို့ တရုတ်ဘက်က သွားဝယ်ရတယ်။ ပိုက်ဆံ အလှူရရင် စစ်ရှောင် ကော်မတီအနေနဲ့ တရုတ်နိုင်ငံဘက်မှာရှိတဲ့ ကချင်တိုင်းရင်းသားတွေဆီ အကူအညီတောင်းပြီး အစားအသောက် မှာယူရတယ်။ ဒါကြောင့် စားနိုင်တာ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင်စခန်း သွားတဲ့အခါ ဖုန်း‌တွေလည်း ယူသွားခွင့်မပေးကြောင်း၊ အကူအညီပေးတဲ့ အသင်းအဖွဲ့တွေဆီ အကူအညီ တောင်းခံထားပေမယ့် လက်ရှိအချိန်ထိ အဖွဲ့အစည်းတွေက လှူဒါန်းတာ မရှိဘဲ မုံးကိုးက ယဉ်ကျေးမှုအဖွဲ့နဲ့ တခြားသူတွေဆီက ရသလောက် အလှူခံပြီး ကူညီတာ‌တွေလောက်ပဲ ရှိတယ်လို့ သူက ရှင်းပြပါတယ်။

ရွာတွေဘက် နှစ်ဖက် တိုက်ပွဲဖြစ်တာ မရှိပေမယ့် စစ်ကောင်စီက ရွာထဲမှာ နေနေတာကြောင့် ကြောက်လို့ ဘယ်သူမှ မပြန်ရဲကြဘူးလို့ ဖောင်းဆိုင်ရွာခံတစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေကို ရွာပြန်ပါက တခြားတိုင်းရင်းသား လက်နက်ကိုင်တွေကို ရွာမှာ နေထိုင်ခိုင်းလို့ဆိုပြီး စစ်ကောင်စီက စစ်ရှောင်‌ပြည်သူတွေကို ရွာမပြန်ခိုင်းကြောင်း၊ ရွာပြန်ပါက ပစ်မယ်ဆိုပြီး ကြေညာထားတယ်လို့ သူက ရှင်းပြပါတယ်။

နယ်စပ်ဒေသ ဆိုပေမယ့် တောတောင်ဘက် ဖြစ်နေတာကြောင် လမ်းပန်းဆက်သွယ်ရေး ပိုခက်ခဲတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ မိုးကာ အရေးပေါ် လို အပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကတည်းက ဖောင်းဆိုင်၊ မန့်ယန်၊ ဘန်မွေ့ ရွာတို့က ပြည်သူ ၂၀၀ လောက် တရုတ်နယ်စပ်အနီးရှိ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီ နဲ့ MNDAA တို့အကြား စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေဆဲ ဖြစ်ပေမယ့် MNDAA ဘက်ကတော့ ပြည်သူတွေနဲ့ အတူရပ်တည် တိုက်ခိုက်သွားမှာဖြစ်ပြီး ဒေသခံတွေရဲ့ ရိက္ခာ ပြတ်လပ်မှုနဲ့ အစားအသောက် ရိက္ခာ၊ အသုံးပစ္စည်းတွေ လမ်းကြောမှာ ပိတ်ဆို့ ထားတာတွေကို ဒေသခံ အုပ်ချုပ်သူတွေနဲ့ ပူးပေါင်းကူညီ ဖြေရှင်းပေးနေပြီလို့ MNDAA ပြန်ကြားရေးဌာနက တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ်လ ၄ ရက်နေ့က စစ်ကောင်စီနဲ့ MNDAA တို့အကြား ကြူကုတ် (ပန်ဆိုင်း) နီးနားမှာ တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ရွာအချို့က  ဒေသခံ ၁၄၀၄ ဦး မြန်မာ-တရုတ်နယ်စပ် လယ်ကွင်းမှာ ယာယီ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024