ကဘူးလ်လေဆိပ်ဗုံးခွဲမှု ကမ္ဘာ့ခေါင်းဆောင်များနှင့်နိုင်ငံတကာအဖွဲ့အစည်းများ ပြစ်တင်ရှုတ်ချ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်မှာ အမေရိကန်စစ်သား ၁၃ ဦး အပါအ၀င် အနည်းဆုံးလူ ၆၀ သေဆုံးခဲ့ပြီး တခြားလူ ၁၅၀ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ ထိပ်တန်းအဆင့်မြင့်အရာရှိတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ  ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

ကဘူးလ်လေဆိပ်က အသေခံဗုံးဖောက်ခွဲမှုကို လုပ်ဆောင်တဲ့ အစ္စလာမ္မစ်နိုင်ငံတော် အစွန်းရောက်အဖွဲ့အစည်းဖြစ်တဲ့ ISIS-K ကို စစ်ရေးအရလက်စားချေမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားလိုက်ပြီး ISIS-K ပိုင်ဆိုင်မှုများ၊ ခေါင်းဆောင်မှုနဲ့ စခန်းတွေကို  တိုက်ခိုက်ဖို့ အမိန့်ပေးထားပါတယ်။ 

“ဒီ ISIS အကြမ်းဖက်သမားတွေ အနိုင်ရမှာမဟုတ်ဘူး။ အမေရိကန်တွေကိုကယ်ဆယ်ပြီး အာဖဂန် မဟာမိတ်တွေကိုလည်း ခေါ်ထုတ်သွားမယ်။ မစ်ရှင်ကိုလည်း ဆက်လုပ်သွားမယ်” လို့ သမ္မတဘိုင်ဒင်က ပြောပါတယ်။ 

ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လုပ်သွားမှာဖြစ်ပြီး ဒီအကြမ်းဖက်တိုက်ခိုက်မှုရဲ့ ခြိမ်းခြောက်မှုဟာ အာဖဂန်က ဗြိတိန်လူမျိုးတွေကို ကယ်ထုတ်နေတဲ့ Operation Pitting စစ်ဆင်ရေးမှာ အတားအဆီးတစ်ခုလည်းဖြစ်လို့ အဲဒီအတွက်လည်း အဆင်သင့်ပြင်ထားတယ်လို့ အရေးပေါ်အစည်းအဝေးမှာ ပြောပါတယ်။ 

ပြင်သစ်သမ္မတ အီမန်နူရယ်မာခွန်းက  အာဖဂန်နစ္စတန်ကနေ သြဂုတ် ၃၁ ရက်ထက်မကျော်ပဲ ထွက်ခွာဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ငါတို့အားလုံး နောက်ထပ်ထိန်းချုပ်မှု မရှိတော့တဲ့ အခြေအနေမှာ ရှိတယ်လို့  ဒါဗလင်မြို့မှာ  မနေ့က အိုင်ယာလန်ဝန်ကြီးချုပ် မိုက်ကယ်မာတင်နဲ့  ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ  ပြောကြားခဲ့ပါတယ်။ 

ဂျာမနီအဓိပတိ အန်ဂလာမာကယ်က တိုက်ခိုက်မှုမှာ သေဆုံး၊ ဒဏ်ရာရရှိသူတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပြီး ဒဏ်ရာရသူတွေအတွက် ဆေးဝါး အကူအညီ အမြန်ဆုံးပေးဖို့လည်း  တောင်းဆိုလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ အာရပ်စော်ဘွားများပြည်ထောင်စုကလည်း ကဘူးလ်က အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ယူအေအီးနိုင်ငံအနေနဲ့ ဘာသာရေးနဲ့လူသားရဲ့တန်ဖိုးတွေနဲ့ အခြေခံမူတွေအားလုံးကိုဆန့်ကျင်ပြီး လုံခြုံရေးကို မတည်မငြိမ်ဖြစ်စေဖို့ အကြမ်းဖက်မှုနဲ့ အကြမ်းဖက်လုပ်ဆောင်တဲ့ပုံစံအားလုံးကို ပယ်ချကြောင်း လည်း နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာနကမနေ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ 

အလားတူ တူရကီ၊ အီရန်၊ ဂျော်ဒန် နိုင်ငံတွေနဲ့ ကုလသမဂ္ဂနဲ့ အီးယူတို့ကလည်း အာဖဂန်နစ္စတန်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုကို အသီးသီး ပြစ်တင်ဝေဖန်ရှုတ်ချ လိုက်ပြီး သေဆုံးထိခိုက်သူတွေအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up