ဒေါက်တာစင်သီယာကို ထိုင်းက ဆေးဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်မည်

ဒေါက်တာစင်သီယာမောင်ကို ထိုင်းနိုင်ငံ အူဘွန်ရက်ချာတနီတက္ကသိုလ်က ဆေးဘက်ဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ dr cythia1ထိုင်းနိုင်ငံ တော်ဝင်ဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံက အူဘွန်ရက်ချာတနီတက္ကသိုလ်မှာ ဆေးဘက်ဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့  ဒေါက်တာ စင်သီယာမောင်ကို ဒီဇင်ဘာ ၁၈ ရက်နေ့ ပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်။ ထိုင်း - မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မိဘမဲ့ကလေးတွေအတွက် ဒေါက်တာ စင်သီယာမောင်ရဲ့ ကြိုးစားလုပ်ဆောင်မှုတွေကို ဂုဏ်ပြု အသိအမှတ်ပြုတဲ့အနေနဲ့ အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးအပ်တာ ဖြစ်ပါတယ်။ ဒေါက်တာစင်သီယမောင်ကို အခုလို ဆုချီးမြှင့်တဲ့အပေါ် စူဝမ်နမစ်ဖောင်ဒေးရှင်း လူမှုရေး အကူအညီပေးရေးအဖွဲ့ ဒါရိုက်တာ စောအောင်သန်းဝေက “အခုက ပထမဦးဆုံးအကြိမ်ထိုင်းက အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ အရင်တုန်းက ဆိုရင်လည်း ထိုင်း လူမှုအသိုင်းအ၀ိုင်းကနေ အသိအမှတ်ပြုတဲ့ အခြား ဆု ၂ ခုကိုလည်း ဆရာမ ရပြီးသား ဖြစ်ပါတယ်။ ဒါက ပြောရမယ်ဆိုရင် ဆရာမကြီးရဲ့ လူမှုရေး လုပ်ငန်းနဲ့ ပတ်သက်လို့ ထိုင်း လူမှုအသိုင်းအ၀ိုင်းကနေပြီးတော့ လျစ်လျူမရှုထားဘူး၊ သူတို့အနေနဲ့လည်း တာဝန်ရှိတယ်ဆိုတာကို သူတို့တစုံတရာ ခံယူတယ်ပေါ့နော်။ အဲလိုပဲ ကျနော်မြင်ပါတယ်” လို့ ပြောပါတယ်။ ဒေါက်တာစင်သီယာမောင်ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းရဲ့ ညွှန်ကြားရေးမှူးတဦး ဖြစ်ပါတယ်။ မယ်တော်ဆေးခန်း ထောက်ပံ့ရေးမန်နေဂျာ  နော်မေစိုးက “ဆေးခန်းအကျိုးမှာတော့ ရရှိလာမယ်လို့ထင်တာပေါ့နော်။ ပြီးရင် ဆရာမ ဘွဲ့ထူးနဲ့ ပတ်သက်ပြီးတော့ လူအများသိသွားခဲ့ရင် ဒီဆေးခန်းကို အများလည်း သိလာမယ်။ ပြီးလို့ရှိရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှုလဲ ရှိလာမယ်” လို့ ပြောပါတယ်။ သူမဟာ ကျန်းမာရေးနဲ့ လူ့အခွင့်အရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုတွေ အတွက် ဩစတြေးလျနိုင်ငံ ဆစ်ဒနီငြိမ်းချမ်းရေးဆု၊ ဟောင်ကောင် The One Award ဆုနဲ့ ဒေသလူထုခေါင်းဆောင်မှုအတွက် ဖိလစ်ပိုင် ရေးမွန်မက်ဆေးဆေး (Ramon Magsaysay) ဆု အပါအဝင် ဂုဏ်ထူးဆောင်ဆုတွေ ရရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် တပြည်လုံးအတိုင်းအတာ ဒီမိုကရေစီအရေးတော်ပုံကို အစိုးရက ဖြိုခွင်းပြီးနောက် ၁၉၈၉ ခုနှစ်မှာ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ လူနာကုတင် ၄ လုံးသာ ရှိတဲ့ ဆေးခန်းအဖြစ်ကနေ အခုအချိန်မှာတော့ နှစ်စဉ် လူနာပေါင်း ၁ သိန်း ၄ သောင်းလောက် လာရောက် ဆေးကုသနေပြီး ကလေးငယ် ၃ ထောင်ကျော်ကို မွေးဖွားပေးနေတဲ့ ဆေးခန်း ဖြစ်လာပါတယ်။ အခုလို ဒေါက်တာ စင်သီယာကို ဆုချီးမြှင့်လိုက်တဲ့အတွက် နောင်အနာဂတ်မှာ အကူအညီတွေ ပိုရလာမယ်လို့ စောအောင်သန်းဝေက ပြောပါတယ်။ “အခုကျနော်တို့ လောလောဆယ် မြန်မာနိုင်ငံအပြောင်းအလဲ နဲ့ ပတ်သက်လို့ ဆေးခန်းရဲ့ ရန်ပုံငွေအခြေအနေကလည်း နည်းနည်းအပြောင်းအလဲ ရှိတာပေါ့။ အဲဒီအပေါ်မှာ ဆရာမကြီး ဒီဂုဏ်ထူးဆောင်ဘွဲ့ ရရှိခြင်းအားဖြင့်တော့ ထိုင်း တချို့၊ ဒီပညာတတ်အသိုင်းအ၀ိုင်းက အသိအမှတ်ပြုတဲ့ အတွက်ကြောင့် ကျနော်တို့ဟာ ဒီဆေးခန်းအနေနဲ့ နောက်အနာဂတ်မှာ ထိုင်းလူမှုအသိုင်းအ၀ိုင်းရဲ့ အကူအညီတွေ အသိအမှတ်ပြုမှုတွေ ပံ့ပိုးမှုတွေ တစုံတရာ ရလာနိုင်တဲ့အခြေအနေ ရှိပါတယ်။” မယ်တော်ဆေးခန်းဟာ ပြည့်ဝတဲ့ ကျန်းမာရေး ဝန်ဆောင်မှုပေးရာ စင်တာ ဖြစ်ပြီး မြန်မာပြည်အရှေ့ဘက် ကျေးလက်ဒေသတွေနဲ့ ပဋိပက္ခဖြစ်ရာဒေသတွေမှာ ပြန်လည် လုပ်ကိုင်နေတဲ့ ထောင်ပေါင်းများစွာသော ကျန်းမာရေးလုပ်သားတွေကို သင်တန်းတွေ ပို့ချရာ စင်တာလည်း ဖြစ်သည်။ ဒါ့အပြင် မယ်တော်ဆေးခန်းဟာ ထိုင်း - မြန်မာနယ်စပ် ရွှေ့ပြောင်း ကလေးတွေအတွက် ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးကိုလည်း ပံ့ပိုးပေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up