ကရင်ပြည်နယ် ဖာပွန်ခရိုင် (မူတြော်ခရိုင်) ဘူးသိုမြို့နယ် သူးမွဲထာဒေသမှာ ကေအန်ယူနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ၂ ရက်အတွင်း တိုက်ပွဲ ၁၁ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သြဂုတ် ၂၇ ရက် မနက်ပိုင်းက ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သူးမွဲထာဒေသ ခေါပု ကျေးရွာအုပ်စုနဲ့ ဘွားဒဲ ကျေးရွာအုပ်စုအတွင်းမှာ ဝင်လာရောက်လုပ်ရှားနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ သြဂုတ် ၂၅ ရက်နဲ့ ၂၆ ရက်နေ့အထိ တိုက်ပွဲပေါင်း ၁၁ ကြိမ်ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားရာမှာ စကခ (၈) လက်အောက် ခမရ-၃၄၁၊ ခမရ-၄၁၀၊ ခလရ-၁၉၊ ခမရ-၄၀၁ တပ်ရင်းတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၁၅ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၁ ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်တွေ ကေအန်ယူ တပ်မဟာ ၅ နယ်မြေအတွင်း ပိုမိုလုပ်ရှားလာတဲ့အပြင် စစ်လက်နက်ပစ္စည်းနဲ့အင်အား ဆက်လက်ပို့ဆောင်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ပိုမိုပြင်းထန်လာနိုင်တယ်လို့ ကေအန်အယ်လ်အေ တပ်မဟာ ၅ ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောဆိုထားပါတယ်။