Home
မေးမြန်းခန်း
“EAOsတွေ လူထုဘက်ကရပ်မှာလား၊ စစ်အာဏာရှင်စနစ်ဘက်က ရပ်မှာလား”- ဆလိုင်းယောအောင် (ABSDF)
DVB
·
August 26, 2021

မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း ၇၀ ကြာပြည်တွင်းစစ်မှာ တိုက်ပွဲဝင်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ လက်ရှိနွေဦးတော်လှန်ရေးမှာ ပြည်သူလူထုဘက်က ရပ်တည်မှာလား၊ စစ်အာဏာရှင်စနစ်ဘက်က ရပ်တည်မှာလား ရွေးချယ်ဆုံးဖြတ်ကြရမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ( ABSDF) ဗဟို ဦးဆောင်ကော်မတီဝင်   ဆလိုင်းယောအောင်က ပြောကြားပါတယ်။

ဒီဗွီဘီနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့တာဖြစ်ပြီး လူထုဘက်ကရပ်တည်ရင် လူထုပေးတဲ့ ဖက်ဒရယ်ကိုရမှာဖြစ်ပြီး စစ်အာဏာရှင်ဘက်က ရည်တည်ရင် စစ်အာဏာရှင်ပေးတဲ့ ဖက်ဒရယ်ကိုသာရကြမှာဖြစ်တယ်လို့ သူကပြောပါတယ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုဘက်က မရပ်တည်ရင် မရပ်တည်တဲ့ အဖွဲ့အစည်းတွေကို ပြည်သူလူထုက ဒဏ်ခတ်လိမ့်မယ်လို့လည်း ဆလိုင်းယောအောင်က ပြောပါတယ်။

(မေးမြန်းချက် အပြည့်အစုံ )

မေး- မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ( ABSDF - ကျောင်းသားတပ်မတော်) အနေနဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင်ဖယ်ရှားရေးမှာ ဘယ်အခန်းကဏ္ဍက ပါ၀င်နေသလဲ။

ဖြေ- “ကျွန်တော်တို့က အခု ၂၀၂၁ နွေဦးလူထုတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က ဝိုင်းရံပံ့ပိုးနေတာ၊ လုပ်ပေးနိုင်တဲ့ကိစ္စတွေကို ဝိုင်းရံပန့်ပိုးပေးနေတယ်။ လုပ်ပေးနိုင်တဲ့ကိစ္စဆိုတာ နိုင်ငံရေးကိစ္စရော၊ စစ်ရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေပေါ့၊ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ တတ်နိုင်သလောက် ကိုယ်နိုင်တဲ့အားနဲ့ လုပ်နေပါတယ်လို့ အဲဒါလေး ပြောချင်ပါတယ်။”

မေး- ABSDFရဲ့  နိုင်ငံရေးရပ်တည်ချက်က  အခုအချိန် ၃၃ နှစ်အကြာမှာ အပြောင်းအလဲလုပ်ဖို့ လိုမလား။  အရင်လမ်းစဉ်ကိုဆက်လက် ကိုင်စွဲမှာလားဆိုတာ ပြောပြပေးပါ။ 

ဖြေ - “အဲဒီမှာတော့ ကျွန်တော်ထင်တာ ၂ ပိုင်းရှိမယ်။ ပထမတခုက ကျွန်တော်တို့အဖွဲ့အစည်းကနေ ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းစဉ်တို့၊ ဦးတည်ချက်တို့ မူဝါဒတွေ၊ မူဝါဒတွေနဲ့ပတ်သက်လို့ လောလောဆယ်မှာ ကျွန်တော်တို့ ပြောင်းစရာမရှိသေးပါဘူး။ ဘာကြောင့်လည်းဆိုတော့ အရင်ချထားတဲ့မူဝါဒတွေက အခုလက်ရှိနိုင်ငံရေးအခြေအနေထိ ခေတ်မီနေတုန်းဖြစ်ပါတယ်။ နောက်တခုကတော့  ကျွန်တော်တို့အဖွဲ့အစည်း ရှေ့ဆက်ပြီးတော့ လုပ်ငန်းတွေအကောင်အထည်ဖော်တဲ့နေရာမှာတော့ ကျွန်တော်တို့ တစုံတရာ အပြောင်းအလဲ၊ ဒါမှမဟုတ်ဘူးဆိုရင်လည်း ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ဖို့လိုမယ်ထင်တယ်။ အခု ကျွန်တော်တို့ပြီးခဲ့တဲ့  (သြဂုတ်) ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဗဟိုကော်မတီစုံညီအစည်းအဝေးလုပ်ပါတယ်။ အဲဒီမှာတော့ မကဒတက အခု ချမှတ်ထားတဲ့မူဝါဒတွေနဲ့အညီ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမယ်၊ ဆွေးနွေးပြီးတော့ ရလာတဲ့ နိုင်ငံရေးသဘောတူညီချက်အပေါ် အခြေခံပြီးတော့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်ဗျ။”

မေး- ကျောင်းသားတပ်မတော်အနေနဲ့ နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ပြီး တောခိုခဲ့ကြသူတွေ၊ အထူးသဖြင့် G-Z တွေအပေါ် ဘယ်လိုမြင်လဲ။ သူတို့ရဲ့ သတ္တိ၊ ဗျတ္တိ၊ သူတို့ အခုလုပ်ကိုင်နေတာနဲ့ပတ်သက်ပြီးတော့ သူတို့ ရည်မှန်းချက်၊ ပန်းတိုင်တွေနဲ့ပတ်သက်ပြီးတော့   ဘယ်လိုမျိုးမြင်လဲ G-Z တွေအပေါ်မှာ။  

ဖြေ- “ပထမဆုံးအနေနဲ့ တိုင်းပြည်တခုလုံးနဲ့ပတ်သက်တဲ့ကိစ္စလေး ပြောချင်တယ်။ အဲဒါကတော့ ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံရေးစနစ်ပေါ့၊ စစ်အာဏာရှင်စနစ်ရှိနေသမျှကာလပတ်လုံး၊ ဖိနှိပ်မှုရှိနေသမျှကာလပတ်လုံးကတော့ ကျွန်တော်ထင်တယ် လက်နက်ကိုင်တိုက်ပွဲကတော့ ရှိဦးမှာပေါ့နော်။ ဒါကတော့ သူ့ရဲ့ တရားအရပြောတာပေါ့ဗျာ။ နောက်တခုကတော့ G-Z ပေါ့ဗျာ၊ G-Z ပဲဖြစ်ဖြစ်၊ ရှစ်လေးလုံးမျိုးဆက်ပဲဖြစ်ဖြစ်ပေါ့ဗျာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခြင်းဟာ ကျွန်တော်တို့ ရွေးချယ်ခဲ့တာ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ကို စစ်အာဏာရှင်စနစ်ကနေ ရွေးချယ်ဖို့ဖိအားပေးခဲ့တာဖြစ်တယ်၊ ရွေးချယ်ဖို့ သူက လမ်းကြောင်းပေးခဲ့တာဖြစ်တယ်။ ဘာကြောင့်လည်းဆိုရင် ၈၈ တုန်းက ဒီမိုကရေစီတောင်းတာပဲ။ အခု ၂၀၂၁ မှာလည်း ဒီမိုကရေစီကိုတောင်းတာပဲ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တောင်းတာပေါ့ဗျာ၊ ဒီဘက်မှာတော့ ဖက်ဒရယ်ကိစ္စပေါ်လာတာပေါ့။ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့တောင်းတယ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြန်ပြီးတော့ အသိအမှတ်ပြုဖို့ တောင်းဆိုတယ်။  ဒါငြိမ်းချမ်းစွာတောင်းဆိုတာပဲဗျ။ ဒါဟာလူတိုင်းရဲ့ရပိုင်ခွင့်ပဲဗျ။ ဒီအပေါ်မှာ စစ်အာဏာရှင်စနစ်ကနေပြီးတော့ ဖိနှိပ်မှုတွေ ရှိလာတယ်၊ ဖိနှိပ်မှုတွေရှိလာတဲ့အခါကျတော့ လူငယ်တွေရဲ့သဘောသဘာဝအရ ကျွန်တော်တို့က ဒါကို တုန့်ပြန်ချင်လာတယ်။ ဒါ တရားသဘောအရနော်။ ဒါကြောင့် ဒီကနေ့ G-Z တွေက လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ရတယ်ဆိုတာဟာ ကျွန်တော်တို့ ၈၈တုန်းကနဲ့ အတူတူ မြင်တယ်။ သူတို့က ရွေးချယ်ခဲ့တာမဟုတ်ဘူး။ သူတို့ကိုရွေးချယ်ဖို့အတွက် စစ်အာဏာရှင်စနစ်က ဖိအားပေးခဲ့တာ၊ စစ်အာဏာရှင်စနစ်က တွန်းအားပေးခဲ့တာ၊ စစ်အာဏာရှင်စနစ်ကပဲ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ် တွန်းပို့တယ်လို့ ပြောချင်ပါတယ်။ ဒါကတော့ G-Z တွေရဲ့ ရွေးချယ်မှုပေါ့။

နောက်တခုက သူတို့ရဲ့ တိုက်ပွဲဝင်မှုပေါ့ဗျာ။ သူတို့ရဲ့ တိုက်ပွဲဝင်မှုက၊ သူတို့ရဲ့သတ္တိပေါ့ဗျာ ပြောချင်တာကတော့။ သူတို့ရဲ့ သတ္တိက ရှစ်ဆယ့်ရှစ်ကလူထွေထက် ပိုတယ်လို့ ကျွန်တော်က ပြောချင်တယ်။ ဘာကြောင့်လည်းဆိုတော့ G-Z တွေ ရန်ကုန်မှာ၊ ရန်ကုန်မှာရော တနိုင်ငံလုံးပါပဲ ခင်ဗျားတို့ ဒီဗွီဘီကလွှင့်နေတဲ့သတင်းတွေမှာ ကြည့်ကြည့် ဟုတ်လား၊ နေရာအနှံ့အပြားမှာ ဆန္ဒပြမှုတွေ လူထုလှုပ်ရှားမှုတွေ ရှိနေတုန်းပဲ။ ဒါဟာ သူတို့ရဲ့ သတ္တိကို မလေးစားလို့ကို မရဘူး။ သူတို့ရဲ့သတ္တိကို ကျွန်တော်တင်မဟုတ်ဘူး၊ ကမ္ဘာကြီးကပါ မလေးစားလို့မရဘူး၊ မြန်မာနိုင်ငံမှာရှိနေတဲ့လူငယ်ေတွရဲ့သတ္တိကို၊ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ သတ္တိကို ကမ္ဘာကပါ မလေးစားလို့မရဘူး။ ကနေ့ထက်ထိ သတ်ဖြတ်နေတယ်၊ သတ်ဖြတ်နေတဲ့ကြားထဲကကို ရတဲ့ဟာနဲ့၊ တူမီးဆိုလည်း တူမီးပေါ့ဗျာ၊ ဓားဆိုလည်း ဓားပေါ့ဗျာ ရတဲ့ဟာနဲ့ လက်နက်ကိုင်ပြီး ခုခံနေကြတယ်၊ နည်းအမျိုးမျိုးနဲ့ ခုခံနေကြတယ်။ ဒီသတ္တိကို ကျွန်တော်တို့က မလေးစားလို့ကိုမရဘူး၊ လေးစားရမယ်၊ အသိအမှတ်ပြုရမယ်လို့ ပြောချင်ပါတယ်။"

မေး- ၂၀၂၀ ရွေးကောက်ပွဲကနေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ပေါ်လာတယ်။ CRPH ကနေပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်းဖွဲ့လိုက်တယ်။ ဒီအဖွဲ့နဲ့ ကျောင်းသားတပ်မတော်နဲ့ ပေါင်းစပ်လုပ်ကိုင်နေတာတွေရောရှိ လား။ ပြောလို့ရရင် ပြောပြပေးပါခင်ဗျ။

ဖြေ - “ဟုတ်ကဲ့၊ ကျွန်တော်တို့ ရှိပါတယ်။ CRPH ပေါ်ပြီးကတည်းကိုက၊ NUG မဖြစ်ခင်အထိ၊ NUCC (အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ)ကို ဘယ်လိုဖွဲ့စည်းကြမလဲ၊ NUG ကိုဘယ်လိုဖွဲ့စည်းကြမလဲ စသဖြင့် CRPH နဲ့ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ အခုထက်ထိလည်း NUCC နဲ့ ဆွေးနွေးမှုတွေရှိနေတယ်။ NUG နဲ့လည်း ပတ်သက်တဲ့ဆွေးနွေးမှုကတော့ ပထမဦးဆုံး NUG က တာဝန်ရှိတဲ့ သမ္မတပါတယ်၊ ၀န်ကြီးချုပ်ပါတယ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန စသဖြင့် တာဝန်ရှိတဲ့ ကျွန်တော်တို့အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ ကောင်းကောင်းဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာ သူတို့ဘက်ကလည်းကျွန်တော်တို့ကို ကြိုဆိုမှုတွေ ရှိပါတယ်။ ကျွန်တော်တို့လည်း ဒီကြိုဆိုမှုကို ကျွန်တော့်အမြင်ကတော့ ကြိုဆိုတယ်၊ လက်ခံတယ်။ နောက် ကျွန်တော်တို့ ဒီ တခြားလုပ်ငန်းတွေပေါ့နော်၊ တခြားလုပ်ငန်းတွေမှာပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ပါ တွဲပြီးတော့ လုပ်ဖို့ ကမ်းလှမ်းမှုတွေလည်း ရှိပါတယ်။” 

မေး- စစ်အာဏာသိမ်းတာ ခုနှစ်လနီးပါးရှိပါပြီ။ သူတို့အုပ်ချုပ်ရေးက အထိုင်ချလို့မရသေးဘူး (ရပ်ကျေးအုပ်ချုပ်ရေးမှူးမှာခန့်ထားရေးခက်ခဲနေဆဲ)။ ဆန္ဒပြမှုတွေရော၊ တိုက်ခိုက်မှုတွေရောရှိတယ်။ ပြည်ပမှာလည်း၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း အထူးသဖြင့် ကုလသမဂ္ဂမှာလည်း သူတို့ကို အသိအမှတ်မပြုသေးဘူး။ ဒီဘက်ကတော်လှန်တဲ့သူတွေကလည်း နိုင်တော့မှာ၊ တချို့တွေဆို နိုင်နေပြီလို့ ကြွေးကြော်နေတာရှိတယ်။ ဒီအမြင်တွေပေါ်မှာရော ဘယ်လိုထင်မြင်သုံးသပ်နိုင်မလဲ။

ဖြေ- “နံပါတ် ၁ ကတော့ ကျွန်တော်တို့က စိတ်ဓာတ်ပဲဗျ။ စိတ်ဓာတ်ရေးရာအရ ကျွန်တော်တို့က နိုင်နေတယ်ဗျ။ စိတ်ဓာတ်အရကိုက ကျွန်တော်တို့က သူတို့ထက် သာနေပြီဗျ။ နောက်တခုကတော့ လက်တွေ့အခြေအနေကြည့်မယ်ဆိုရင်လည်း နိုင်ငံတကာအခြေအနေကြည့်မယ်။ လက်တွေ့ လူထုအခြေအနေကြည့်မယ်ဆိုရင် လူထုက သူတို့နဲ့ဘာမှ မပူးပေါင်း၊ မဆောင်ရွက်ဘူးဗျ။ ပြည်တွင်းထဲမှာရှိတဲ့လူတွေ၊ မပူးပေါင်းမဆောင်ရွက်တာတွေ ကျွန်တော်တို့ တွေ့ရတယ်။ အခုဆိုရင် လျှပ်စစ်မီတာခ မပေးရေးကိစ္စတွေ ဆင်နွှဲနေတာ တွေ့ရတယ်။ နောက်တခါ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိစ္စတွေကိုပဲကြည့်ပေါ့နော်  ပြည်သူလူထုက မပူးပေါင်းမဆောင်ရွက်တာ ကိုတွေ့ရတယ်။ နိုင်ငံတကာအနေနဲ့ ပြောမယ်ဆိုရင်လည်း အခုထက်ထိသူ့ (စစ်ကောင်စီ) ကို တရားဝင်ဘယ်နိုင်ငံမှ တိတိကျကျ အသိအမှတ်ပြုသေးလို့လဲ၊ ဒါက မေးစရာမေးခွန်းပဲ။”

“အဲဒီတော့ ကျွန်တော်တို့ NUG ကို လောလောဆယ် နိုင်ငံတကာမှာ တချို့နိုင်ငံတွေက အသိအမှတ်ပြုနေပြီ။ ဆိုတော့ ဒါက ကျွန်တော်တို့ရဲ့အားသာချက်၊ ကျွန်တော်တို့ရဲ့ အောင်ပွဲကိုသွားနိုင်တဲ့ခြေတလှမ်းလို့ ပြောချင်တယ်။ ဒါပေမဲ့လည်းကျွန်တော်တို့က ဒီဟာနဲ့တင် မလုံလောက်သေးဘူးနော်။ ကျွန်တော်တို့ အောင်ပွဲရဖို့ဆိုရင် ကျွန်တော့်အမြင်အရတော့ တိုက်ပွဲသဏ္ဍာန် သုံးခုရှိတယ်လို့ မြင်တယ်ဗျ။ နံပါတ် ၁ ကတော့ လက်ရှိရှိနေတဲ လူထုတိုက်ပွဲ၊ နောက်တခုကတော့ စီဒီအမ်တိုက်ပွဲရှိမယ်၊ နောက်တခုကတော့ လက်နက်ကိုင်တိုက်ပွဲ။ ဒီတိုက်ပွဲသဏ္ဍာန်သုံးခုက ဟန်ချက်ညီညီ ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ ထင်တယ်။ အောင်ပွဲကိုရမှာပဲ။ ဒါပေမဲ့ အောင်ပွဲကို ရမယ်ဆိုပေမယ့် အောင်ပွဲကို လွယ်လွယ်နဲ့တော့ရမှာမဟုတ်ဘူး။ ကျွန်တော်တို့ တန်ဖိုးကြီးကြီးပေးဆပ်ရနိုင်ပါတယ်။ နောက်တခုက တိုင်းပြည်လည်း တော်တော်လေးကို ပျက်စီးကြရဦးမယ်။ ကျွန်တော်တို့ အောင်ပွဲကိုရမယ်လို့ ယုံကြည်ထားတယ်၊ဒါပေမဲ့  အောင်ပွဲကိုသွားဖို့အတွက်တော့ ကျွန်တော်တို့ကြားထဲမှာ စည်းနှောင်မှု၊ တစုံတရာ စည်းနှောင်မှုတော့ ရှိဖို့လိုတယ်။ အဲလိုမျိုးမရှိဘူးဆိုရင် ကျွန်တော်ထင်တယ် အောင်ပွဲက ဝေးနေဦးမှာပဲ။”

မေး- ကျောင်းသားတပ်မတော်ထူထောင်ခဲ့တာ နှစ်ပေါင်း ၃၃ နှစ်လောက်ကြာခဲ့ပြီ၊ အဲဒီတုန်းကတော့ ၈၈၈၈ အရေးတော်ပုံကြီးကနေ ထွက်လာတဲ့ လူငယ်၊ လူရွယ်တွေနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေအများကြီးရှိခဲ့တာပေါ့။ အခုလိုအချိန်မှာရော အဲဒါမျိုးထပ်ပြီးတော့ ထူထောင်ဦးမလား၊ ဒါမှမဟုတ်လို့ရှိရင် ABSDF ရဲ့လူအင်အား၊ လက်နက်အင်အားတွေကရော ဘယ်လောက်အတိုင်းအတာထိ အင်အားတောင့်တင်းနေပြီလဲ။ ပြောလို့ရရင် ပြောပြပေးပါ။

ဖြေ- “နံပါတ် ၁ ကတော့ ဒီနေ့ကာလက ၈၈ ကာလ မဟုတ်တော့ဘူးလို့ ထင်တယ်ဗျ။ အဲဒီတော့ ဒီနေ့ကာလက ၂၀၂၁ ဖြစ်သွားပြီ။ ၂၀၂၁ ဆိုတာ နိုင်ငံရေးဆိုတာကတော့ သူ့အချိန်အခါနဲ့ပေါ့ဗျာ၊ သူဖြစ်ထွန်းလာတဲ့အခြေအနေတွေ ရှိတာပေါ့။ ဒီနေ့ကာလမှာ ကျွန်တော်တို့အတွက် အင်အားကြီးထွားဖို့ဆိုတာကတော့ ကျွန်တော့်အမြင်အရတော့ မဖြစ်နိုင်ဘူးလို့ထင်တယ်။ အင်အားတော့ တစုံတရာ ရမယ်၊ ဒါပေမဲ့ အင်အားကြီးထွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်တယ်။ ဒီနေ့ကာလသည် ရှစ်လေးလုံးကာလမဟုတ်တော့ဘူး။ ၂၀၂၁  ကာလဖြစ်တယ်၊ ဒီနေ့ကာလမှာ ကျွန်တော်မြင်တာကတော့ ကိုယ့်ကိုယ်ကိုပေါ့နော် ABSDF အင်အားကြီးထွားလာအောင်ဆိုတာထက်ကို ဒီနေ့ကာလမှာ PDF နဲ့ NUG နဲ့ ကျွန်တော်တို့က ဘယ်လိုလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မလဲ။ ABSDF ကလည်း၊ ကျွန်တော်တို့အဖွဲ့အစည်းကလည်း ဘယ်လိုလုပ်ငန်းတွေမှာ ပူးတွဲလုပ်နိုင်မလဲ၊ ပူးပေါင်းဆောင်ရွက်နိုင်မလဲ။ အဲလိုတွေစဉ်းစားဖို့သင့်တယ်လို့ မြင်ပါတယ်။ နောက်တခုက ၈၈ တုန်းက ကြိုဆိုမှုနဲ့ ၂၀၂၁ ကြိုဆိုမှုက မတူဘူးပါဘူးဗျ။ ၈၈တုန်းက ကျွန်တော်တို့ကို ကြိုဆိုခဲ့တာက လက်နက်ကိုင်တော်လှန်ရေးအတွက် ကြိုဆိုခဲ့တာမဟုတ်ဘူး။ တိုင်းရင်းသားနယ်မြေတွေမှာက လက်နက်ကိုင်အတွက်ကြိုဆိုတယ်၊ ဒါပေမဲ့ နိုင်ငံတကာမှာရှိနေတဲ့ ဗမာတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကျွန်တော်တို့ကို လက်နက်ကိုင်တော်လှန်ရေးအတွက် ကြိုဆိုခဲ့တာမဟုတ်ပါဘူး။ သူတို့ကြိုဆိုခဲ့တာကတော့ ဪ.. ကျောင်းသားတွေ ထွက်လာကြတယ်၊ လူငယ်တွေ ထွက်လာကြတယ်၊ ဆိုတော့ လူသားချင်းစာနာမှုနဲ့ပဲ ကျွန်တော်တို့ကို ကြိုဆိုခဲ့တာဖြစ်တယ်။ အဲဒီတော့ ဒီကနေ့ ၂၀၂၁ ကိုကြိုဆိုမှုကကျတော့ လက်နက်ကိုင်တော်လှန်ရေးအတွက် လုပ်ဖို့ တကမ္ဘာလုံးက ကြိုဆိုနေတာဖြစ်တယ်။ အဲဒီကြိုဆိုမှုချင်းကတော့ ကွာတာပဲဗျ။ အဲဒီတော့ ကျွန်တော်တို့ အဖွဲ့အစည်းဟာ ၈၈ က စခဲ့တာမှန်တယ်၊ ဒါပေမဲ့ အဲဒီတုန်းက လူအလုံးအရင်းရှိတယ်။ ဒါပေမဲ့ လက်နက်ခဲယမ်းပေါ့ဗျာ။ ကြိုဆိုတဲ့ပုံစံချင်းမတူတဲ့အခါကျတော့ ကျွန်တော်တို့အတွက် လက်နက်ခဲယမ်းကအစပေါ့ အများကြီးအခက်အခဲတွေဖြစ်ခဲ့တယ်။ ဒီကနေ့ကာလကျတော့ ပြောရမယ်ဆိုရင် စလုံးရေကနေ ပြန်စတယ်လို့ ပြောလို့ရတဲ့အခြေအနေမျိုးရှိတယ်လို့ ပြောချင်ပါတယ်။”

မေး- နောက်တခုမေးချင်တာက တပ်ပေါင်းစုကိစ္စပေါ့။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ရှိခဲ့ကြတာက NDF (အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)၊ DAB (ဒီမိုကရက်တစ်မဟာမိတ်များအဖွဲ့ချုပ်) စတဲ့ တပ်ပေါင်းစုတွေ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြတယ်။ အခုချိန်မှာရော အဲဒီလိုမျိုး တပ်ပေါင်းစုဖွဲ့ပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့ အခြေအနေ လိုအပ်မှုရှိမရှိ၊ အဲဒီအပေါ် အမြင်ဘယ်လိုရှိမလဲ။

ဖြေ- “ကျွန်တော်ထင်တယ်ဗျ။ နိုင်ငံတကာအခြေအနေပဲကြည့်ကြည့်၊ ဗမာပြည်ရဲ့သမိုင်းကိုပဲကြည့်ကြည့်၊ တပ်ပေါင်းစုနဲ့ အောင်ပွဲခံခဲ့တာပဲရှိပါတယ်။ လွတ်လပ်ရေးကာလမှာဆိုလည်းကြည့်ပါ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပလ (ဖက်ဆစ်တော်လှန်ရေးပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ်) ရှိတယ်၊ ဗမာ့ထွက်ရပ်ဂိုဏ်းရှိတယ် စသည်ဖြင့်ပေါ့ဗျာအမျိုးမျိုးအဖွဲ့အစည်းတွေရှိကြတယ်။ အဲဒါနဲ့ပဲ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီးလုပ်ခဲ့ကြတာပဲ။ အခု ကျွန်တော်တို့နဲ့ တပ်ပေါင်းစုဖွဲ့ရာမှာပဲ။ အခု ကျွန်တော်တို့ အခုဆွေးနွေးနေကြတဲ့ NUCC ဆိုတာ ဒီသဘောပါပဲ။ ဒီကနေ့ NUCC ဆိုရင် ကျွန်တော်ထင်တယ် ကျွန်တော်တို့ NDF က ရှစ်ဆယ့်ရှစ်မတိုင်ခင်ပေါ့။ ရှစ်ဆယ့်ရှစ်က ဖွဲ့ခဲ့တဲ့ DAB တို့ထက် ပိုကြီးကျယ်တယ်လို့ ကျွန်တော်ထင်တယ်။ NUCC ဟာ တပ်ပေါင်းစုတခုပါပဲ ကျွန်တော်မြင်တယ်။” 

မေး-လတ်တလောမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေ (ကချင်လွတ်လပ်ရေးအဖွဲ့) တို့၊ ကို့ကန့် (MNDAA) တို့၊ ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး) တို့ စစ်တိုက်နေကြတာပေ့ါ။ PDF နဲ့လည်း ထိတွေ့နေတာပေါ့။ ဒါပေမဲ့ အင်အားကောင်းတဲ့ ၀ တပ်မတော် UWSA (၀ တပ်မတော်) ကတော့ တိုက်ခိုက်မှုမကြားသေးဘူး။ အစရှိသဖြင့် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြားမှာ ဘယ်လိုမျိုးတွေ ဆက်ဖြစ်လာနိုင်သလဲ။ အထူးသဖြင့် EAOs (တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း) တွေကတော့  အုပ်စုနှစ်စုပေါ့။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ထိုးတာနဲ့ မထိုးကြတာဆိုပြီး။ အဲဒီတော့ ဘယ်လိုမျိုးတွေ ဖြစ်လာနိုင်လဲ။

ဖြေ- “တခုလုံးကို ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ EAOs တွေမှာလည်း အသွင်သဏ္ဍာန်က အမျိုးမျိုးရှိကြတယ်။ ပွင့်ပွင့်လင်းလင်း ဒီနေရာမှာပြောရမယ်ဆိုရင် စစ်တပ်နဲ့ နီးစပ်တဲ့ EAOs တွေလည်းရှိတယ်၊ မနီးစပ်တဲ့ EAOs တွေလည်းရှိတယ်။ အဲဒါဘာတွေမှာ သွားအခြေခံနေလဲဆိုတော့ အကျိုးစီးပွားတွေအပေါ်မှာ မူတည်ကြတယ်။ ဒီနေ့ အကျိုးစီးပွားတွေရှိနေကြတယ်။ အဲဒါကတချက်၊ နောက်တခုက ဒီကနေ့ EAOs တော်တော်များများ အများစုကတော့ စစ်အာဏာရှင်စနစ်ကိုတော့ လက်ခံတဲ့အခြေအနေမျိုးတော့ မရှိဘူး။ စစ်အာဏာရှင်တွေ ရှိနေသမျှကာလပတ်လုံ့း ကျွန်တော်တို့တွေ လိုချင်တဲ့ငြိမ်းချမ်းရေး၊ ကျွန်တာ်တို့လိုချင်တဲ့ ဖက်ဒရယ်ဆိုတာ ရမှာမဟုတ်ဘူး။ အဲဒီတော့ သူတို့အထဲမှာလည်း သူတို့ အကျိုးစီးပွားရှိသလို တဖွဲ့ချင်းစီမှာလည်း သူတို့အတွင်းထဲမှာလည်း ၂၀၂၁ နဲ့ပတ်သက်ပြီးတော့ အယူအဆတွေ အမျိုးမျိုးရှိနေတာ တွေ့တယ်။ တွေ့တဲ့ခါကျတော့ ကျွန်တော်ထင်တယ် ကျွန်တော်တို့ဘက်က လူထုတိုက်ပွဲက ဒီထက်ပိုအားကောင်းလာ၊ လူထုတိုက်ပွဲထက်ဗျာ ဒီဘက်က လက်နက်ကိုင်တိုက်ပွဲ PDFတွေရဲ့ တိုက်ပွဲတွေက ပိုပြီးတော့ အားကောင်းလာမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီဘက်မှာ EAOs တွေအကြားမှာလည်း အယူအဆတခုခုဖြစ်ပြီးတော့ သေနတ်ပြန်ပေါက်တာတွေ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။”

“၀ (UWSA)  ကိုပြောမယ်ဆိုရင် ကျွန်တော့်အထင် ၀က ရန်သူကိုတိုက်ဖို့ အစီအစဉ်မရှိဘူးထင်တယ်။ ဘာလို့လည်းဆိုတော့ အဓိကသူ့ကို ကြိုးကိုင်နေတာတော့ တရုတ်ပဲ၊ တရုတ်ရှိနေသမျှကာလပတ်လုံး ၀ ကတော့ သူ့အကျိုးစီးပွားကို နံပါတ် ၁ ရပ်တည်မှာပဲလေ။ ဒီကနေ့ EAOs တွေအနေနဲ့လည်း စဉ်းစားဖို့လိုပြီ။ စဉ်းစားဖို့လိုပြီဆိုတာတော့ တခြားမဟုတ်ပါဘူး။  ဒီနေ့ တိုက်ပွဲထဲမှာ လူထုဘက်ကရပ်မှာလား၊ စစ်အာဏာရှင်စနစ်ဘက်ကရပ်မှာလားဆိုတာ ကျွန်တော်တို့ ကွဲကွဲပြားပြားဖြစ်ဖို့လိုပြီ ရပ်ဖို့ လိုပြီလို့ ကျွန်တော်မြင်တယ်။ အဲဒီတော့ ကျွန်တော်တို့က လူထုဘက်က မရပ်ဘူးဆိုရင် သက်ဆိုင်ရာ လူထုရဲ့ ဒဏ်ရိုက်တာကို EAOs တွေ ခံရမှာပဲဖြစ်တယ်။ ဥပမာ ထားပါတော့ဗျာ KNU, KNU ဆိုရင် လူထုဘက်ကမရပ်ဘူးဆိုရင် ကရင်လူထုရဲ့ ဒဏ်ခတ်တာကိုခံရမယ်။ ထိုနည်းလည်းကောင်းပဲ မွန်ဆိုလည်း မွန်လူထုက ဒဏ်ခတ်တာကို ခံသွားရမယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီကနေ့ စစ်အာဏာရှင်စနစ်ကိုလည်း လက်မခံဘူးလည်းပြောတယ်၊ လူထုဘက်ကလည်း မရပ်တည်ဘူးဆိုရင်တော့ လူထုကပေးတဲ့ ဖက်ဒရယ်ကို ကျွန်တော်တို့ ရမှာမဟုတ်ဘူး။ စစ်အာဏာရှင်စနစ်က ပေးတဲ့ဖက်ဒရယ်ပဲ ကျွန်တော်တို့ရမှာ။ ဒီကနေ့ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ရွေးချယ်ရမယ့်လမ်းကိုရောက်ပြီ၊ အဲဒီတော့ လူထုက ပေးတဲ့ ဖက်ဒရယ်ကိုလိုချင်လား၊ စစ်အာဏာရှင်ကပေးမယ့် ဖက်ဒရယ်ကိုလိုချင်လား။ နောက်တခုက လူထုဘက်က ရပ်မှာလား၊ စစ်အာဏာရှင်စနစ်ဘက်က ရပ်မှာလားဆိုတာ ကျွန်တော်တို့ သေသေချာချာရွေးရမယ့်အချိန်ရောက်ပြီလို့ အဲဒါလေး ပြောချင်ပါတယ်ဗျ။” 

“ EAOs တွေအနေနဲ့ ကျနော်တို့ အန်စီအေစခဲ့တာ ၂၀၁၅ က စခဲ့တာဖြစ်တယ်။ ၂၀၂၀ ဆိုရင် ၅ နှစ်ရှိခဲ့ပြီဖြစ်တယ် ဘာအပြုသဘောဆောင်တဲ့ တိုးတက်မှုရသလဲ ကျနော်ထင်တယ် အားလုံးအသိဖြစ်ပါတယ်။ ကျနော်တို့ UPDJC ၊ JMC ဆွေးနွေးပွဲတွေမှာဆိုရင်လည်း ယူနီဖောင်းချွတ်တွေကတမျိုး၊ ယူနီဖောင်းဝတ်က တမျိုး၊ ကျနော်တို့ကို ဟိန်းဟောင် ခြိမ်းခြောက်နေတာပဲရှိတယ်လေ။ နောက်တခုက သူတို့က ၂၀၀၈‌ (အခြေခံဥပဒေ) အောက်ကို သူတို့က သွပ်သွင်းတယ်။ ကျနော်တို့က ၂၀၀၈ ကိုဆန့်ကျင်တယ်။ ဒီကနေ့ ၂၀၂၁ နိုင်ငံရေးရဲ့ ထူးခြားမှုကတော့ ပြည်မက ဗမာအများစုလို့ပြောရမှာပေါ့နော်။ ဗမာအများစုရှိတဲ့ ဒေသတွေမှာ ဖက်ဒရယ်ကို ရှင်းပြနေစရာမလိုဘဲနဲ့ အားလုံးက လက်ခံနေတဲ့ အချိန်ဖြစ်တယ်။ ကျနော်တို့ အီးအေအိုတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံဘူးပြောတယ်။ ဖက်ဒရယ်စနစ်ကို လိုချင်တယ်လို့ ပြောတယ်။ ပြောနေရုံနဲ့ မရဘူးလို့ ကျနော်ထင်တယ်။ ဒါကြောင့် တစ်ဖွဲ့ချင်းစီက ကိုယ့်ရဲ့ မိမိတို့ရဲ့ အကျိုးစီးပွားတွေကို ကြည့်နေမယ်ဆိုရင်တော့ ဖက်ဒရယ်ကို ဒီတစ်သက်မပြောနဲ့ နောင် ဆယ်သက်လောက်ရမှာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် လူထုနဲ့အတူ ကျနော်တို့က စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် လက်တွဲပြီးတော့ တိုက်ပွဲဝင်ဖို့ ကျနော် တိုက်တွန်းချင်ပါတယ်။”  

မေး- ကျောင်းသားတပ်မတော်အနေနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ဆယ်ဖွဲ့အနက်တဖွဲ့ဖြစ်တယ်။ စစ်တပ်မှာ ဆွေးနွေးပွဲတွေမှာလည်း ဗိုလ်ချုပ်ကြီးတွေနဲ့ ထိတွေ့မှု ပြောဆိုဆွေးနွေးမှု အကြိမ်ကြိမ်ရှိခဲ့တာပေါ့။ အခု ဒီတပွဲမှာရော သူပြတ်၊ ကိုယ်ပြတ် တိုက်ကြမှာလား၊ ဒါမှမဟုတ် စကားပြောဆိုဆွေးနွေးပြီးတော့ အဆုံးသတ်မှာလား။ အေဘီအက်စ်ဒီအက်ဖ်အနေအထားက ဘယ်လိုမျိုးဖြစ်သွားမလဲ၊ လက်ရှိအခြေအနေမှာ။

ဖြေ- “ကျွန်တော့်အမြင်အနေနဲ့ကတော့ ကျွန်တော့်အတွေ့အကြုံရပြောမယ်ဆိုရင် စစ်အာဏာရှင်တွေနဲ့ကတော့ ဆွေးနွေးပြီးတော့  ငြိမ်းချမ်းရေးရဖို့ဆိုတာကတော့ ကျွန်တော်ထင်တယ် အဲဒါကတော့ တော်တော်ဝေးတယ်လို့ ကျွန်တော်မြင်တယ်၊ အဲဒါ တခုပေါ့။ နောက်တခုက ကျနော်တို့ မကဒက (ABSDF)က အန်စီအေကို ဖက်တွယ်နေတာ မဟုတ်ပါဘူး။ အန်စီအေက ဖြစ်စဉ်တစ်ခုပါ။ ကျနော်တို့ တစ်ဖွဲ့တည်းရုန်းလို့မရဘူး၊ အားလုံးရုန်းထွက်ရမှာဖြစ်ပါတယ်။ ကျနော်တို့ ရဲဘော် ၈၀၀ နီးပါး အသက်နဲ့ ခန္ဓာကိုယ်တွေ ပေးဆပ်ခဲ့ရတာရှိပါတယ်။ ဒါဟာ အန်စီအေအတွက် မဟုတ်ပါဘူး။ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖြစ်ပါတယ်။ သူတို့ပေးဆပ်ခဲ့တဲ့ လမ်းအတိုင်း ကျနော်တို့ ရှေ့ဆက်သွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။"

မေး- အန်ယူဂျီအစိုးရဘက်ကလည်း D-Day သဘောမျိုးခေါ်မယ့်ရက်ကို လေသံပစ်နေတာ ကြားတယ်။ ပြည်သူတွေဘက်ကလည်း အရမ်းကို ဒါကို စိတ်ဝင်စားနေတယ်။ ဒီအပေါ်မှာရော D-Day တကယ်လို့ ပေါ်လာလို့ရှိရင် ABSDF က ဘယ်လိုအခန်းကဏ္ဍကနေ ပါ၀င်သွားမလဲ။ 

ဖြေ- "D-Dayနဲ့ပတ်သက်ပြီးတော့ ကျနော်မြင်တာတော့ ဒီ‌ဒေးဟာ စနေပြီလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အခု ကျနော်တို့ ဖြစ်နေတဲ့ မင်းတပ်တို့၊ ယောဒေသတို့ စစ်ကိုင်းတိုင်းဒေသကြီး ကနီတို့ ၊ ကင်းမတို့ နောက် ကယားပြည်နယ် ဒီးမော့ဆိုမှာ ဖြစ်နေတဲ့ တိုက်ပွဲကိုကြည့်မယ်ဆိုရင် အရင်တုန်းကတော့ ခုခံစစ်ပေါ့ အခုဆိုရင် တချို့နေရာတွေမှာ ထိုးစစ်အသွင်ဆောင်နေပြီလို့ ကျနော် ပြောချင်ပါတယ်။ ဒါကြောင့် D-Dayက စနေပြီလို့ ပြောရခြင်းဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ လူထုက D-Day ခေါ်ပြီး ချနေပြီဗျ။" 

မေး-နောက်တခုမေးချင်တာက ကုလသမဂ္ဂအခင်းအကျင်းပေါ့၊ လာမယ့်စက်တင်ဘာ ညီလာခံမှာဆိုရင် NUG နဲ့  စစ်ကောင်စီ တခုခုကို ရွေးချယ်ရတော့မှာပေါ့နော်၊ နောက်တခုက ဘယ်သူ့ကိုမှ မရွေးချယ်ဘဲလည်း ဖြစ်နိုင်တယ်ပေါ့နော်။ ဒီအပေါ်မှာရော ဘာတွေ သက်ရောက်မှုဖြစ်နိုင်သလဲ။ 

ဖြေ- “ကျွန်တော့်စိတ်ထဲမှာ ထင်တာကတော့ ဒီတခေါက် ကုလသမဂ္ဂမှာ ပြတ်ပြတ်သားသားဆုံးဖြတ်နိုင်မယ်လို့ ယူဆတယ်။ စောစောကပြောသလို Pending (ဆိုင်းငံ့ထား) လည်း လုပ်ထားနိုင်တဲ့အခြေအနေမျိုး ရှိတာပဲ။ ဒါပေမဲ့ အဲဒါတွေက ဘယ်အပေါ်အခြေခံလဲဆိုရင် နိုင်ငံကြီးတွေပေါ် မူတည်တယ်လို့ ကျွန်တော်မြင်တယ်။ အထူးသဖြင့်တော့ ကျွန်တော်တို့က လက်ခံသည်ရှိစေ၊ လက်မခံသည်ရှိစေ ကြီးငါးကြီးရှိနေကြတယ်။ အခု အမေရိကန်ရဲ့ လှုပ်ရှားမှုကိုကြည့်ရင် အန်ယူဂျီကို ပိုပြီးတော့ယိမ်းလာတာတွေ့တယ်၊ အန်ယူဂျီနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံလာတာတွေ့တယ်။ အန်ယူဂျီကို ပိုပြီး ကူညီလာတာတွေ တွေ့တယ်။ ဆိုတော့ အမေရိကန်အစိုးရကထောက်ခံတယ်ဆိုရင် သူနဲ့ပတ်သက်တဲ့မဟာမိတ်တွေရှိတယ်။ သူ့ရဲ့ ဓနသဟာရတွေ ရှိတယ်။ ဒီဟာက ကျွန်တော်တို့အတွက် အားကောင်းချက်လို့မြင်တယ်။ ကျွန်တော်မြင်တာကတော့  ဒီစက်တင်ဘာလမှာကျင်းပမယ့် ယူအန်မှာတော့ ကျွန်တော်ထင်တယ် ကျွန်တော်တို့ကို အသိအမှတ်ပြုနိုင်တဲ့အခြေအနေမျိုးရောက်နိုင်တယ် ယူဆပါတယ်ဗျ။” 

မေး-နိုင်ငံတကာ ထောက်ပံံ့မှုအခြေအနေကရော၊ မြန်မာ့နွေဦးတော်လှန်ရေးကို တစုံတရာအားဖြည့်ပေးနိုင်မလား၊ နောက် သံတမန်ရေးတိုက်ပွဲတွေမှာရော ABSDF က ဘယ်လိုမျိုးအနေအထားနဲ့ ကူညီပေါင်းစပ်ဖို့ရှိမလဲ။

ဖြေ- “အဲဒီမှာ ပထမဦးဆုံး ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ကံကြမ္မာကို ကျွန်တော်တို့ပဲ ဖန်တီးရမှာ။ ဒါက ကျွန်တော့်အယူအဆပါ။ အဲဒီတော့ လာမယ့်စက်တင်ဘာ ကုလသမဂ္ဂညီလာခံ အရေးမကြီးဘူးမဟုတ်ဘူး၊ အရေးကြီးတယ်၊ မှန်တယ်၊ အသိအမှတ်ပြုတယ်ဆိုရင် အောင်ပွဲကို တဆင့်တိုးနိုင်တယ်ပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့က  ကိုယ့်အားကိုယ်ကိုးရမယ်လို့ မြင်တယ်။ နိုင်ငံတကာက ကျနော်တို့ကို ထောက်ခံလာဖို့ဆိုတာ ကျွန်တော်တို့က အလုပ်တွေလုပ်ဖို့လိုတယ်။ အလုပ်တွေလုပ်မှ နိုင်ငံတကာက ထောက်ခံမှာ။ အဲဒီတော့ အလုပ်တွေလုပ်ဖို့ဆိုတာ ကျွန်တော်တို့က ကိုယ့်အားကိုယ်ကိုးရမယ်လို့ မြင်ပါတယ်။ အမေရိကန်စစ်တပ်ကြီးလည်းလာကူမှာမဟုတ်ဘူး။ R2P လည်း လာမှာမဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ်အားကိုးရမယ်။ ကိုယ့်လူထုအားကို ယုံကြည်ရမယ်။ ကျွန်တော့်မူကတော့ရှိတယ်၊ ရန်သူ့လက်နက် ကိုယ့်လက်နက်ပဲဗျ။ ဒါပေမဲ့ တခုရှိတယ်။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဆိုတာ အရင်းအနှီးတခုတော့ လိုတယ်။ ကျွန်တော်တို့မှာ အရင်းအနှီးတစုံတရာရှိပြီဆိုရင် ရန်သူ့လက်နက်ကိုယ့်လက်နက်သုံးရမယ်။ ကျွန်တော်တို့ နိုင်ငံတကာကို ထောက်ခံမှုလည်းမလိုဘူး မဟုတ်ဘူး လိုတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လှုပ်ရှားမှုတွေမြင့်မှ၊ အလုပ်တွေလုပ်နိုင်မှ နိုင်ငံတကာက ကွန်တော်တို့ကို ဝိုင်းရံပြီးတော့ ထောက်ခံမှာ။ အဲတော့ ကျွန်တော်တို့ အလုပ်တွေ မလုပ်နိုင်ဘူးဆိုရင်တော့ နိုင်ငံတကာက ကျွန်တော်ထင်တယ် သူတို့အကျိုးစီးပွားရှိတာကိုး အဲဒီတော့ ဒီအတိုင်းပဲ နေမှာပဲ။ အဲဒီတော့ အရေးကြီးတာက ကျွန်တော်တို့က ကိုယ့်အားကိုယ်ကိုးရမယ်၊ ကိုယ့်လူထုအင်အား ကိုယ်ကိုးရမယ်။ ကိုယ့်အားကိုယ်ကိုးပြီး တိုက်ပွဲဝင်ရမယ်လို့ ပြောချင်တယ်။” 

မေး- ကျနော်မေးတဲ့ထဲမှာ မပါဘဲ တခုခု ပြောချင်တာရှိလား။ အထူးသဖြင့် နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို  တော်လှန်နေတဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေကိုပေါ့နော်။ 

ဖြေ- “ကျွန်တော် ဒီကနေ ပြည်သူလူထုကို၊ အားလုံးကို လေးစားပါတယ်။ အသိအမှတ်လည်းပြုတယ်။ တိုက်ပွဲဝင်နေမှုအားလုံးကို ကျွန်တော် လေးစားတယ်။ အသိအမှတ်ပြုပါတယ်။ အခု မင်းကင်းတို့၊ မင်းတပ်တို့၊ ဒီဘက်က ဒီးမောဆိုးတို့ပေါ့နော် ရရာလက်နက်ကိုစွဲပြီးတော့ တိုက်ပွဲဝင်နေတဲ့ ညီအစ်ကိုတွေ၊ နောင်တော်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ဒီလိုပဲ ဆက်ပြီးတော့ တောင့်ထားပါ။ ကျွန်တော်တို့လည်း ဒီဘက်မှာ ပြင်ဆင်မှုတွေလုပ်နေပါတယ်။ ကြိုးစားနေပါတယ်လို့ အဲဒါလေး ကျွန်တော် အသိပေးချင်ပါတယ်။”

ကျေးဇူးတင်ပါတယ် ခုလိုအချိန်ပေးပြီးဖြေကြားပေးတာ။

ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024