ပစိဖိတ်အနောက်ခြမ်းနိုင်ငံများ ကိုရိုနာဒယ်လ်တာ ကူးစက်မှု အနီရောင်အဆင့်ရောက်လာဟု WHO ပြော

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာဗီဇမျိုးကွဲက တစိတ်တပိုင်း တွန်းပို့နေလို့ ကူးစက်ခံ ဦးရေ တိုးလာတဲ့အတွက် ပစိဖိတ်အနောက်ခြမ်းနိုင်ငံတွေရဲ့ ပြည်သူ့ကျန်းမာရေးအခြေအနေဟာ အနီရောင်လိုင်းထိ အန္တရာယ်ကြီးကြီး ချဉ်းကပ်လာနေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ဒေသန္တရ ဒါရိုက်တာ တာခဲရှိ ခါ့စိုင်းက သြဂုတ် ၂၅ ရက်မှာ ကျင်းပတဲ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

အနီရောင်လိုင်းရဲ့ အဓိပ္ပာယ်က အသည်းအသန် လူနာအရေအတွက်က ဆေးရုံအတွင်း အထူး ကြပ်မတ်ကုသဆောင်က ခုတင် အရေအတွက်ထက် ပိုများနေတဲ့ အခြေအနေလို့ သူက ဆက်ပြောပါတယ်။

ကျန်းမာရေးလုပ်သားတွေနဲ့ သက်ကြီးနိုင်ငံသားတွေကို ထိပ်တန်းဦးစားပေး နေရာမှာ ထား ပြီး လူ့အဖွဲ့အစည်းအားလုံး မြန်နိုင်သမျှ အမြန်ဆုံး ကာကွယ်ဆေး ထိုးကြဖို့ မဖြစ်မနေ အရေးကြီးတယ်လို့ ခါ့စိုင်းက ပြောပါတယ်။

သြဂုတ်လ ပထမသီတင်းပတ် ၃ပတ်မှာ အနောက်ပစိဖိတ်ဒေသအတွင်း ကူးစက်ခံ ၂ ရာခိုင်နှုးန် တိုးလာတယ်လို့ WHO က ကြေညာထားပါတယ်။

 ဒီဒေသမှာ သြစတြေးလျ၊ နယူးဇီလန်ကနေ ဖိလစ်ပိုင်၊ ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားထိ ပိုင်နက်နယ်မြေ ၃၇ခု ရှိပြီး ကမ္ဘာ့ကူးစက်မှု စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်း ကူးစက်ခံ နေရတဲ့ ဒေသပါ။

 ဒေသတလွှား ကူးစက်ခံ ၆သန်းကျော်နေပြီး ကူးစက်ခံ သေဆုံးသူ အယောက် ၈၂၀၀၀  ကျော်  ရှိနေပါတယ်။

 အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားနိုင်ငံတွေက ကူးစက်ခံ အများဆုံးနိုင်ငံတွေ ဖြစ်တယ်လို့ WHO အစီရင်ခံစာက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up