Home
မြန်မာသတင်း
ရခိုင်တွင် Stay at Home ကာလပြည့်သွားသော်လည်း မိမိအသိဖြင့်နေထိုင်ကြရန် AAတိုက်တွန်း
DVB
·
August 26, 2021

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိနေသေးတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ မိမိအသိစိတ်နဲ့ သွားလာနေထိုင်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်  ULA/AA က ဩဂုတ် ၂၆ ရက် ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ဖို့ အေအေက ပြီးခဲ့တဲ့ဇူလိုင် ၂၀ ရက်နေ့ကစပြီး သြဂုတ် ၂၅ ရက်နေ့ထိ သီတင်း ၅ ပတ်လောက်  Stay at Home ကာလသတ်မှတ်ခဲ့တာဟာ မနေ့ကပြည့်ခဲ့ပြီးနောက်  ခုလို ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးတာတွေဟာ တနိုင်ငံလုံးအတိုင်းအတာအရ လိုအပ်ချက်တွေရှိနေပေမဲ့ ကာကွယ်ဆေးထိုးနှံထားသူတွေဟာ ရောဂါကူးစက်ခံရပါက အသက်အန္တရာယ်ကြုံတွေ့ရမှုနည်းပါးတာကို သုတေသနမှတ်တမ်းတွေအရတွေ့ရှိရပြီး ကာကွယ်ဆေးထိုးထားသူတွေဟာ မိမိပတ်ဝန်းကျင်၊ ရပ်ရွာနဲ့ တိုင်းပြည်ကို ကိုဗစ်ကာကွယ်ရေးမှာ အထောက်အကူပြုတာကြောင့် အခွင့်အရေးရပါက ကာကွယ်ဆေးထိုးထားကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

လက်ရှိနိုင်ငံတချို့မှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း မျိုးကွဲအသစ်တွေ တွေ့ရှိနေရပြီး စတုတ္ထလှိုင်းစတင်မယ့် အလားအလာတွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိပေါ့လျော့စွာသွားလာနေထိုင်တာတွေမလုပ်ကြဖို့နဲ့ ကိုဗစ်ကူးစက်ခံထားရသူတွေဟာ ရောဂါလက္ခဏာမပြပဲရှိနေနိုင်တာကြောင့် ရောဂါအချိန်မရွေးကူးစက်ခံရနိုင်တဲ့အတွက် သတိထားသွားလာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က Stay at Home ကာလ သတ်မှတ်ခဲ့ပြီးနောက် လိုက်နာ နေထိုင်ကြရမယ့် စည်းကမ်းချက်တွေကို ပြည်သူတွေအနေနဲ့ သိရှိနားလည်ကြပြီးဖြစ်တဲ့အတွက် Stay at Home ကာလကို ထပ်မံမတိုးမြှင့်တော့ပင်မဲ့လည်း အရင်ထုတ်ပြန်ထားခဲ့တဲ့ ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်တွေအတိုင်း သွားလာနေထိုင်ကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းအတွင်း မေလမှ သြဂုတ် ၂၅ ရက်အထိ ကိုဗစ်ကူးစက်ခံရသူဦးရေ ၃၉၁၄ ဦးနဲ့ သေဆုံးသူ ၃၇၁ ဦး ရှိနေပြီဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024