စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ အမှတ် ၁ ရပ်ကွက်ဖွင့်လှစ်ထားတဲ့ မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ဩဂုတ်လ ၂၅ ရက် ည ၈ နာရီလောက်က အရပ်ဝတ်လက်နက်ကိုင် ၁၀ ယောက်လောက်က လာရောက်ဖျက်ဆီးသွားခဲ့တယ်လို့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
“အိမ်စီးကား လိုက်ထရက်တစ်စီးနဲ့ အရပ်ဝတ်လက်နက်ကိုင်တွေလာပြီး ည ၈ နာရီ လောက်မှာ ဖျက်ဆီးသွားကြတာ။ ဆိုင်းဘုတ်တွေ အလံတွေ အကုန်ရိုက်လှဲသွားတယ်။ ရုံးခန်းထဲ က ပစ္စည်းတွေကိုလဲ မွှေနှောက်ပြီးရှာသွားကြသေးတယ်။ ဘာတွေယူသွားကြတယ်ဆိုတာတော့ မသိရဘူး။ အလံအချို့ကိုလည်း အိမ်သာထဲ ထိုးထည့်ထားခဲ့ကြတယ်”လို့ လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ပုလဲမြို့နဲ့ ဝက်လက်မြို့က မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းတွေ ဖျက်ဆီးခံထားရတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ကျေးရွာတစ်ရွာမှာ အန်အယ်လ်ဒီရုံးကို အကြမ်းဖက်စ်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။