ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကေအန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေပေါ်ကနေ သြဂုတ် ၂၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေဟာ မြေပြင်ကနေ ထိုးစစ်ဆင်ဝင်ရောက်လာသလို ဝေဟင်ကနေပါ တိုက်လေယာဉ်တွေနဲ့ ပျံသန်းဝင်ရောက်ပါတယ်။
တိုက်လေယာဉ် ပျံသန်းဝင်ရောက်လာတဲ့အတွက် လေကြောင်းပစ်ခတ်မှုတွေ ဖြစ်ပေါ်လာနိုင်သလို နှစ်ဘက်တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြသလို လေကြောင်းရန် ကြိုတင်ကာကွယ်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ နေပူခံ ကျေးရွာသားတစ်ဦးက “လေယာဥ်တွေက ပျံနေတာ မနက်တည်းကပဲ။ မြေပြင်မှာ တိုက်ပွဲတွေဖြစ်နေတော့ လေယာဥ်နဲ့ပါ တိုက်မယ့်ပုံစံ”လို့ ပြော ပါတယ်။
အခုရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့တပ်နဲ့ ဘီဂျီအက်ဖ်တပ်ဖွဲ့တွေဟာ ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ တပ်မဟာ ၁၊ ၂ ၊ ၃ ၊ ၅ ၊ ၆ ၊ ၇ ဌာနချုပ်ရှိရာ နယ်မြေတွေကို လူအင်အား၊ လက်နက်အင်အားအပြည့်နဲ့ ထိုးစစ်ဆင် ဝင်ရောက်လာတာတဲ့အတွက် နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က စစ်ကောင်စီရဲ့တပ်နဲ့ တပ်မဟာ ၅ တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုတွေ ပါဝင်လာတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သလို ဒေသခံရွာသူရွာသား ၂၀,၀၀၀ နီးပါး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။