ဇာတ်ပို့သရုပ်ဆောင် တယောက်ဖြစ်တဲ့ ဆင်မကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဩဂုတ် ၂၄ ရက်ညပိုင်းက သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အနုပညာလောကသားတယောက်ဖြစ်တဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်က ဆင်မရဲ့ ပုံတပုံနဲ့အတူ “ခင်ဗျားကြီး ကျုပ်စကားကို လုံးဝနားမထောင်ဘူးဗျာ”လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ရေးသားမျှဝေထားပါတယ်။
ဇာတ်ပို့သရုပ်ဆောင် ဆင်မဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရား စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်နေကြတဲ့ အနုပညာရှင်တွေထဲမှာ တယောက်အပါအဝင်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်အဖြစ်ကလည်း နုတ် ထွက်ထားခဲ့သူလည်း ဖြစ်ပါတယ်။
လတ်တလောအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အနုပညာရှင်တွေထဲမှာ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ လူမင်း၊ အိန္ဒြာကျော်ဇင်၊ ပြေတီဦး၊ ရဲတိုက်၊ ပိုင်တံခွန်စတဲ့ အနုပညာရှင်တွေ အများအပြား ပါဝင်နေသလို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရတဲ့အတွက် ထွက်ပြေးတိမ်း ရှောင်နေကြရသူတွေလည်း အများကြီး ရှိနေတာပါ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေး ကာလဟာ ၆ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ် ကောင်စီတပ်ရဲ့ ပစ်ခတ်သတ် ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၀၀၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၇,၄၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။