စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ဖလဲကျေးရွာထဲကို ဩဂုတ်လ ၂၄ ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေ သေနတ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ဒေသခံရွာသား ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ဖလဲကျေးရွာသားတစ်ဦးက “ကျနော်တို့ ဖလဲရွာကို စစ်ကောင်စီတပ်တွေလာတယ်။ သူတို့ လာပြီး မကြာဘူး၊ ကျနော်တို့ရွာအနီးမှာ ဗုံးနှစ်လုံးပေါက်တယ်။ သူတို့ဖောက်တာလားတော့ မသိဘူး။ အသံကတော့ အကျယ်ကြီးကြားရတာ။ အဲလိုပေါက်ပြီး မကြာဘူး၊ ကျနော်တို့ ဖလဲရွာအတွင်းကို သေနတ်တွေ၊ လက်နက်ကြီးတွေ ပစ်ဝင်လာတာဗျ။ ရွာသားတွေလည်း ကြောက်လန့်ပြီး ထွက်ပြေးရတော့ပဲ။ မနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက်ခင်းပိုင်းလောက်က စဝင်တာ ဒီနေ့ဩဂုတ်လ ၂၅ ရက်နေ့ အခုအချိန်အထိ မထွက်ကြသေးဘူး။ ရွာသားတွေ ဘယ်သူမှ ရွာထဲမဝင်ရဲသေးဘူး။ ထမင်းမစားရတဲ့သူတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။
ဖလဲကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်သား ၇၀ လောက် လက်ရှိအချိန်အထိ တပ်စွဲ ထားတာကြောင့် ဖလဲကျေးရွာအိမ်ခြေ ၃၀၀ ကျော်က ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာပါ။
ဩဂုတ် ၂၄ ရက်နေ့ညနေ ၆ နာရီလောက်ကလည်း ကော်လင်းမြို့ရဲစခန်းကို အမည်မသိ အဖွဲ့က လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ကောလင်းမြို့ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ် ။