Home
ဆောင်းပါး
ကိုဗစ်က ပြန်လည်ကျန်းမာလာသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ
DVB
·
August 25, 2021

ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာတဲ့အခါမှာလည်း ကျန်းကျန်းမာမာ ပြန်ဖြစ်လာဖို့အတွက် အိပ်ရေးဝအောင် အိပ်တာ၊ အာဟာရပြည့်ဝအောင် စားတာ၊ အစားကို အချိန်မှန်မှန် စားတာတွေ လုပ်ဆောင်ဖို့ လိုသလို လေ့ကျင့်ခန်းများ ကိုလည်း လုပ်ဆောင်ပေးဖို့ လိုပါမယ်။

လေ့ကျင့်ခန်း ဆိုတဲ့ နေရာမှာ ပြင်းပြင်းထန်ထန် မလုပ်မိဖို့ လိုပါမယ်။ ဒီတော့ ကိုဗစ်က သက်သာလာတဲ့အခါ ကျန်းမာကြံ့ခိုင်စေဖို့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းများ က ဘာတွေဖြစ်မလဲ။ ဆောင်းပါးလေးထဲ ဖတ်ကြည့်စေချင်ပါတယ်။

ကိုဗစ်က ပြန်လည်ကျန်းမာလာသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ

ကိုဗစ်က ပြန်လည်ကျန်းမာလာသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတွေက ဘာတွေ ဖြစ်မလဲ။ ကိုဗစ်ကနေ ပြန်လည် ကျန်းမာလာချိန်မှာ အလေးမတာ၊ ဒိုက်ထိုးတာ၊ gym ဆော့တာလိုမျိုး ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေကို မလုပ်သင့်ပါဘူး။

ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာက ကိုဗစ်ကနေ သက်သာလာသူတွေမှာ ကျန်းမာရေး ထိခိုက်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် ကိုဗစ်ကနေ ပြန်လည် သက်သာလာချိန်မှာ ကျန်းမာလာစေဖို့ဆိုရင်

လမ်းလျှောက်ပါ

လမ်းလျှောက်ပါဆိုတာက ပြင်းပြင်းထန်ထန် လမ်းလျှောက်ဖို့ ပြောတာ မဟုတ်ပါလူး။ ခန္ဓာကိုယ်က တတ်နိုင်သလောက် အတိုင်းအတာထိပဲ လုပ်ဖို့ပါ။ အရင်က ၁ နာရီလောက် လျှောက်တယ်ဆိုရင် အရင်ကရဲ့ ထက်ဝက်လောက်ပဲ လုပ်ပေးပါ။

ဥပမာ တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် ဖြည်းဖြည်းမှန်မှန် လမ်းလျှောက်ပေးပါ။ လမ်းလျှောက်တာက အဆုတ်ထဲက အရည်တွေကို လျော့ပါးစေပြီး အဆုတ်တွေကို ကျန်းမာစေနိုင်လို့ပါ။

အကြောလျှော့ပါ

အသက်ကို မှန်မှန် ရှူပြီး အကြောတွေ ပြေလျော့အောင် အကြောလျှော့တဲ့ လေ့ကျင့်ခန်းကလည်း အခုလို ကာလမှာ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်း တစ်ရပ်ပါ။ အကြောလျှော့တဲ့အခါ အသက်ကို မှန်မှန် ရှူရင်း ဖြည်းဖြည်းချင်း လုပ်ပေးဖို့ မမေ့ပါနဲ့။

 Leg and Toe Lifts

ဒီလေ့ကျင်ခန်းက မြေပြင်ညီမှာ မတ်မတ်ရပ်ရင်း လက်က ရင်ဘတ်နဲ့ တစ်တန်းတည်းမှာ ရှိနေတဲ့ တန်း ဒါမှမဟုတ် ဘောင်တစ်ခုခုကို ကိုင်ထားပြီး ခြေဖဝါးပေါ်ကို အားပြုလို့ ဖနောင့်ကို ကြွတာပါ။ ကြွလိုက် ပြန်ချလိုက်နဲ့ တစ်ကျော့ကို ၁၅ ကြိမ် ၃ ကျော့လောက် လုပ်ပေးပါ။ အရမ်းမောတဲ့အထိ မလုပ်မိဖို့ လိုပါမယ်။

ဒီလိုလုပ်တာက ခြေထောက်တွေဆီကို သွေးလည်ပတ်မှု ကောင်းစေပြီး သွေးမခဲစေဖို့ ကာကွယ်ပေးပါတယ်။

ခပ်ရွရွ ပြေးတာ

၁၀ မိနစ် လမ်းလျှောက်ပြီး ၁ မိနစ်လောက် ခပ်ရွရွပြေးပေးပါ။ ဒီလို မလုပ်ခင်မှာ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကို အရင် ဆန်းစစ်စေချင်ပါတယ်။ ဒီလိုကနေ လုပ်နိုင်လာမှ ၁ မိနစ်စီ တိုးလုပ်သွားပေးပါ။ ဒီလိုလုပ်တာက ကိုယ်တွင်း အောက်ဆီဂျင် ပမာဏကို တိုးစေနိုင်ပါတယ်။

ယောဂ

ယောဂ လုပ်တာက အဆုတ်ကို အားကောင်းစေနိုင်သလို စိတ်ဖိစီးတာ စိတ်ဓာတ်ကျတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်ကနေ ပြန်လည် သက်သာလာတဲ့အခါ ယောဂလုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဒီလေ့ကျင့်ခန်းလေးတွေကို နေအိမ်အတွင်းမှာပဲ ဖြည်းဖြည်းချင်းစီ လုပ်ပေးပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်မှု ဖြည့်လိုက်ကြစို့နော်။ လေ့ကျင့်ခန်းတွေ ကို ဖြည်းဖြည်းချင်း လုပ်ပေးဖို့တော့ ဂရုစိုက်ရပါမယ်။

ရေးသားသူ Aye Thi Mon

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024