Home
မြန်မာသတင်း
ရိုဟင်ဂျာအတွက် တရားမျှတမှု ရှာဖွေရန် အရပ်ဘက်အဖွဲ့အစည်း ၄၀ ကျော်ကတိပြု
DVB
·
August 25, 2021

ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရှာဖွေရေးနဲ့ မြန်မာနိုင်ငံမှာ ကာလရှည်ကြာ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုဒဏ်ရာဒဏ်ချက်တွေကို ကုစားပေးနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၄၀ ကျော်က ဒီနေ့ ကတိပြု ထုတ်ပြန်ပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တာနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အောက်မေ့သတိရတဲ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

“မိမိတို့သည် ရိုဟင်ဂျာများနှင့် သွေးစည်းညီညွတ်စွာရပ်တည်ပြီး ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးအတွက်၎င်းတို့၏ ကြီးမားလှသော ရုန်းကန်လှုပ်ရှားရမှုများနှင့်အတူ ရပ်တည်လျက် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိ‌ရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး၊ မြန်မာစစ်တပ်မှ ပြစ်ဒဏ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်နေခွင့်ကို အဆုံးသတ်ရေးတို့အတွက် တောင်းဆိုလိုက်သည်”လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာက “လေးနှစ်ကြာပြီးဖြစ်ပေမယ့်လို့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေးဟာ ရှက်ဖွယ် ကောင်းလောက်ပင် ခက်ခဲနေဆဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဆိုးယုတ်လှတဲ့ ရာဇဝတ်မှုတွေအတွက် တဦးတယောက်မှ ပြစ်ဒဏ်ပေးခံရတာ မရှိသေးဘူး” လို့ ပြောပါတယ်။

စစ်အုပ်စုရဲ ဖေဖော်ဝါရီလ အာဏာသိမ်းဖို့ ကြိုးပမ်းတာရဲ့ အရင်းအမြစ်ဟာလည်း စစ်တပ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့် လုံးဝရနေတာကြောင့် ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

ဒေါ်ခင်ဥမ္မာက “လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုသားတွေဟာ အပြစ်ပေး အရေးယူခံရမှု လုံးဝမရှိတဲ့အတွက် အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကြမ်းဖက်မှုတွေကို ဆက်လုပ် နေတာဖြစ်တယ်။ သူတို့ လုံးဝရပ်တန့်သွားအောင် တားဆီးရပါမယ်။ ပိုနေမြဲကျားနေမြဲ အခြေအနေကို ဆက်လက်ထိန်းထားမယ့်အစား မတူကွဲပြား စုံလင်မှုကို အားသာချက်အဖြစ်ပြောင်းယူပြီး လူသားမျိုးနွယ်အတွက် သွေးစည်းညီညွတ်စွာနဲ့ အားလုံးပါဝင်မှုရှိတဲ့ မြန်မာနိုင်ငံတည်ဆောက်ရေးကို လုပ်ဆောင်ရမှာဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ နော်ဆဲဆဲက “နွေဦးတော်လှန်ရေးရဲ့ ပြီးခဲ့တဲ့လ‌တွေထဲမှာ အမျိုးသမီးတွေဟာ ဖိုဝါဒကြီးစိုးမှု အဆုံးသတ်ရေးနဲ့ လူ့အခွင့်အရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲတွေရဲ့ ရှေ့တန်းမှာ ရှိနေခဲ့ပါတယ်။ မတူကွဲပြားစုံလင်မှုကို တန်ဖိုးထားပြီး စစ်တပ်ကြီးစိုးမှုနဲ့ အမျိုးသမီးခွဲခြားနှိမ်ချဖိနှိပ်တဲ့ဝါဒ ကင်းရှင်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်တဲ့ နေရာမှာ ရိုဟင်ဂျာအမျိုးသမီးတွေအပါအဝင် မြန်မာနိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရမ်းကို အရေးကြီးပါတယ်။ ဒီအတွက် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ရိုဟင်ဂျာအမျိုးသမီးတွေ ပါဝင်ကိုယ်စားပြုရပါမယ်” လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့အနေနဲ့ သူတို့ရဲ့ အာဏာကိုသုံးပြီး ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ “အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးဥပဒေလေးခု” လို လူမျိုးခွဲခြားရေးနဲ့ လူမျိုးကွဲမုန်းတီးရေးဥပဒေတွေကို ဖျက်သိမ်းဖို့လည်း ပူးတွဲထုတ်ပြန်ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

ဒီဥပဒေတွေဟာ လိင်ကွဲပြားမှုနဲ့ လိင်သဘောထားခံယူမှုကွဲပြားမှုအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုးရှည်စေတဲ့အပြင် ဆယ်စုနှစ်နဲ့ချီတဲ့ စစ်တပ်အုပ်စိုးမှုကနေ ဖြစ်တည်လာခဲ့တဲ့ အမျိုးသမီးခွဲခြားနှိမ်ချ ဖိနှိပ်တဲ့ဝါဒနဲ့ ဖိုဝါဒကြီးစိုးရေးစနစ်ကိုလည်း အကျိုးပြုနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်အဖွဲ့ဝင်  ကိုဟန်ကြီးက “လွန်ခဲ့တဲ့လေးနှစ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုက မြန်မာစစ်တပ်ရဲ့ စနစ်တကျနဲ့ ရက်စက်ကြမ်းကြုတ်မှုကို စဉ်ဆက်မပြတ် ကျူးလွန်နေတဲ့ သရုပ်လက္ခဏာကို ဖော်ပြနေတာဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေရဲ့ မရေမတွက်နိုင်တဲ့ ကျူးလွန်ခံရသူတွေနဲ့ အသက်ရှင်ကျန်ရစ်သူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေးနဲ့ စစ်တပ်က ပြစ်ဒဏ်ကင်းလွတ်နေခွင့်ရနေမှုကို အဆုံးသတ်ဖို့အတွက် ရနိုင်သမျှ နည်းလမ်းအားလုံးကို ရှာဖွေလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေက မှတ်တမ်းတင်ထားပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

တရားမျှတမှုရရှိရေးနဲ့ တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံရဲ့ တက်ကြွမှုမရှိတာ၊ တချို့နေရာတွေမှာ ဘာလုပ်ဆောင်ချက်မှ မရှိတာကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေကို ပိုမိုအတင့်ရဲလာစေပြီး  ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး နိုင်ငံတကာအသိုင်းအဝိုင်းက လုပ်ဆောင်သွားဖို့လည်း ပူးတွဲထုတ်ပြန် ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

ပြီးတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအတွက် အထူးခုံရုံး (Ad-hoc Tribunal) တခု တည်ထောင်ရေး ဒါမှမဟုတ် မြန်မာနိုင်ငံအခြေအနေကို ICC ဆီ လွှဲပြောင်းရေး အလားအလာတွေ အပါအဝင် တခြားတာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်ရေးနည်းလမ်းတွေကို ကြိုးပမ်း လုပ်ဆောင်သွားဖို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရေးအတွက် သေသေချာချာလုပ်နိုင်ဖို့ ICC ရဲ့ ရောမသဘောတူစာချုပ်ကို ချက်ချင်းလက်မှတ်ရေးထိုးဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာတဲ့အသုံးအနှုန်းကို ပြီးခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ကရော အန်အယ်လ်ဒီ အစိုးရလက်ထက်ကပါ လက်ခံခြင်းမရှိသလို တိုင်းရင်းသားလူမျိုးအဖြစ်လည်း အသိအမှတ် ပြုထားတာ မရှိပါဘူး။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024