ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ရက္ခိုင့်တပ်တော်(အေအေ)ရဲ့ လှုပ်ရှားမှုတွေကို သတင်းပေးတိုင်ကြားကြဖို့ သြဂုတ် ၂၃ ရက်က မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီတပ် အမှတ် ၃၄ တပ်ရင်းမှူးက ခေါ်ယူသတိပေးပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦးက “ကျနော်တို့ကို အစည်းအဝေးမတက်မနေရဆိုပြီး ၃၄ တပ်က တပ်ရင်းမှူးကခေါ်တယ်။ အေအေက ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေမှာ စာလိုက်ကပ်တာ၊ အဲဒီစာရွက်ကပ်တဲ့သူတွေကို မသိဘူးလားပေါ့၊ ပြီးရင် ကျနော်တို့ကို အေအေကလှုပ်ရှားမှုတွေကို မသိဘူးလားဆိုပြီး မေးတယ်။ သိရင်သူတို့ကို အကြောင်းကြားဖို့ပေါ့၊ သိရဲ့နဲ့ထိမ်ချန်ထားတယ်ဆိုပြီးတော့ အပြစ်တင်တာပေါ့။ ရပ်ကွက်တွေမှာလည်း မှုခင်းတွေဖြစ်လာရင် သူတို့ကိုအကြောင်းကြားပေးဖို့နဲ့ ရပ်ကွက်တွေမှာ လူစိမ်းတွေဝင်လာရင်လည်း သတင်းပေးဖို့” လို့ ပြောပါတယ်။
အေအေက ကိုဗစ်ကာကွယ်ထိန်းချုပ်နိုင်ဖို့ Stay at Home ကာလသတ်မှတ်ခဲ့သလို ရခိုင်ပြည်သူတွေအနေနဲ့ မတရားပြုကျင့်ခံရတာတွေကို တိုင်ကြားနိုင်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရေးဌာနဖွင့်လှစ်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်က ရခိုင်ပြည်နယ်မှာ အင်းအားတိုးချဲ့တာတွေနဲ့ မြို့နယ်တွေမှာနေအိမ်တွေကို ဝင်ရောက်ရှာဖွေစစ်ဆေး လုပ်ဆောင်လာနေတာကြောင့် တိုက်ပွဲတွေ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။