မျက်စိ စုံမှိတ်ပြီး မိမိပြောချင်ရာပြောနေမည်ဆိုပါက ဒီမိုကရေစီရဲ့ အနှစ်သာရရှ မည်မဟုတ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကပြောကြားလိုက်ပါတယ်။
ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တရားမဝင် အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၂၃ ရက်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ခုလိုပြောကြားခဲ့တာပါ။
“မိမိတို့အနေနဲ့ ရွေးကောက်ပွဲမဲမသမာမှုများ ကြောင့်သာ နိုင်ငံတော်၏တာဝန်ကို ယူခဲ့ရခြင်းဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သကလို့ အမျိုးမျိုးပြောကြားနေမှုများရှိပြီး ဒီမိုကရေစီ ကျင့်စဉ်အရ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမဆို ဝေဖန် ပိုင်ခွင့်ရှိသော်လည်း ခိုင်လုံသည့်အကြောင်းအရာနှင့် အကြောင်းပြချက်များရှိရမည် ဖြစ်ကြောင်း၊ သို့သော်မျက်စိ စုံမှိတ်၍ မိမိပြောချင်ရာပြောနေမည်ဆိုပါက ဒီမိုကရေစီ၏ အနှစ်သာရရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ရှေ့လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။” စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ တိုင်းရင်းသားအခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေးဟု ပြောနေကြပြီး ၊ တချို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဟာ တိုင်းရင်းသားအရေးကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး တချို့က ဒိမိုကရေစီအခွင့်အရေး ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်းနဲ့ နိုင်ငံတော် မှပြဋ္ဌာန်းထားတဲ့ ဒီမိုကရေစီကျင့်စဉ်များကို လိုက်နာကြဖို့လည်း စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။
“မိမိတို့နိုင်ငံတွင် အဓိကတိုင်းရင်းသား လူမျိုး ၈ မျိုး၊ တိုင်းရင်းသားလူမျိုး စုပေါင်း ၁၃၅ မျိုးခန့် နေထိုင်ကြခြင်းဖြစ်သဖြင့် အများဆန္ဒကို ကြည့်ရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအခွင့်အရေးကို တောင်းဆိုရာတွင် အဆိုပါ ဒီမိုကရေစီကျင့်စဉ်အား လိုက်နာ ရန်လိုကြောင်း၊ မိမိအစုအဖွဲ့အတွင်း၊ နယ်မြေအတွင်း ဒီမိုကရေစီကျင့်စဉ်ရှိရန်လိုကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်အား နိုင်ငံသားတိုင်း၊ တိုင်းရင်းသား တိုင်းသိရှိပြီး လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် လိုက်နာမှုမရှိဘဲ အချင်းချင်းပဋိပက္ခဖြစ်မှုများရှိပြီး အကြောင်းမဲ့ သတ်ဖြတ်မှုများ ရှိကြောင်း၊ နိုင်ငံတော် မှပြဋ္ဌာန်းထားသည့် ဒီမိုကရေစီကျင့်စဉ်များကို လိုက်နာရန်လို ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့နယ်မြေ အတွင်း ဒီမိုကရေစီအလေ့ အထများဖြစ်သည့် ဥပဒေလေးစား လိုက်နာခြင်း၊ စည်းကမ်းလေးစား လိုက်နာခြင်းနှင့် လူ၏တန်ဖိုးကို တန်ဖိုးထားခြင်းများလိုက်နာ ဆောင်ရွက်ရန်လိုပြီး ဒီမိုကရေစီနှင့် လျော်ညီသည့် ကျင့်ကြံ၊ ပြောဆို၊ လုပ်ကိုင်မှုများရှိရန်လိုကြောင်း။” အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် အားလုံးပါဝင်နိုင်ပြီး အချိုးကျကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို အလေးထား နိုင်ဖို့ ရွေးကောက်ပွဲကို PR စနစ်နဲ့ ကျင့်သုံးဆောင်ရွက်နိုင်ရေးစဉ်းစား ဆောင်ရွက်နေကြောင်းနဲ့၊ ရွေးချယ်ခံကိုယ်စားလှယ်၊ ရွေးချယ်တင်မြှောက်မှု စနစ်နဲ့ ပတ်သက်လို့ တာဝန်ယူချိန်ကာလအတွင်း ပြင်ဆင်လို့ ရတာတွေကို ပြင်ဆင်ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
Photo-DSINFO