မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်မှာ သြဂုတ် ၂၄ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်က ကမ်းပါးပြိုကျပြီး နေအိမ်ပေါ်ပိတာကြောင့် ၃ ဦးသေဆုံးခဲ့ပြီး ၈ ဦး ပိတ်မိနေကာ ဆက်လက်ရှာဖွေကယ်ဆယ်နေတယ်လို့ လူမှုကူညီရေးအသင်းတစ်ခုဆီက သိရပါတယ်။
“ကမ်းပါးပြိုကျတော့ နေအိမ် ၃ လုံး ပိသွားတယ်၊ ကလေးအလောင်း ၂ ခုနဲ့ အမျိုးသမီး အလောင်းတစ်ခု ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီ၊ ၅ နှစ်အရွယ် ကလေးတစ်ဦးပါတယ်” လို့ ဆိုပါတယ်။
မိုးရွာသွန်းတာကြောင့် တောင်ကမ်းပါးပြိုကျပြီး အောက်က လူနေအိမ်ပေါ်ပိတာကြောင့် စုစုပေါင်း လူ ၁၁ယောက် ပိတ်မိခဲ့တာဖြစ်ပြီး ဆယ်ယူရရှိတဲ့ ၃ ဦးအလောင်းကို ကျပ်ပြင်ဆေးရုံကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဖြစ်စဥ် နေရာကို ပါရမီလူမှုကူညီရေးအသင်း၊ လောကနိတအသင်း၊ ကြက်ခြေနီအသင်း၊ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေပူးပေါင်းပြီး ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။