မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာငွေလဲနှုန်း သမိုင်းတစ်လျှောက် စံချိန်တင်မြင့်တက်နေချိန် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က သြဂုတ် ၂၃ ရက် မှာ တစ်ရက်တည်း ဒေါ်လာ ၁၀ သန်း ထုတ်ရောင်းချခဲ့ပါတယ်။
ဒီကနေ့မှာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ပျဉ်းမျှငွေလဲနှုန်း ၁၆၆၀ ကျပ် သတ် မှတ်ပြီး စျေးပြိုင်လေလံ ရောင်းချခဲ့တာဖြစ်ပါတယ်။
ပြင်ပစျေးကွက်မှာ တကယ်အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးကတော့ ၁ ဒေါ်လာကို ရောင်းစျေး ကျပ်ငွေ ၁၇၀၀ အထက် ကျပ် ၁၇၅၀ ဝန်းကျင်မှာ ရှိနေပါတယ်။
လတ်တလောမှာ တရားဝင်ငွေလဲကောင်တာတွေကလည်း ဒေါ်လာစျေးဖွင့်ရောင်းချခြင်း မရှိသလို ပြင်ပဝယ်ရောင်း စျေးကွက်မှာလည်း စျေးအတည်တကျမရှိဘဲ ကြိုက်ရောင်းကြိုက်ဝယ်နဲ့ ရောင်းချနေ ကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေကို အယုံအကြည်မရှိတဲ့အတွက် ဒေါ်လာဝယ်ယူ စုဆောင်း ကြတာတွေ များလာတာကြောင့် ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်နေ့က ပြင်ပအရောင်းအဝယ်စျေးကွက်မှာ ဒေါ်လာ ငွေလဲနှုန်းဟာ ကျပ် ၁၈၀၀ ဝန်းကျင်အထိ တစ်ခါမှမဖြစ်ဖူးတဲ့ စံချိန်တင်စျေးနှုန်းကို မြင့်တက်သွားခဲ့ပါတယ်။
စစ်ကောင်စီက လက်ကြီးသမားတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ ဒေါ်လာစျေးရော ရွှေစျေးပါ အနည်းငယ် ပြန်အေးသွားခဲ့ ပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်ကလည်း ဒေါ်လာစျေးကို ထိန်းဖို့ အခုလို ပမာဏများများ ထုတ်ရောင်းပြီး ဒေါ်လာစျေး ထိန်းဖို့ကြိုးစားပေမဲ့ ဒေါ်လာစျေးက ဆက်တက်နေတုန်းပါပဲ။
စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူလိုက်ပြီးနောက်မှာ ၇ လနီးပါးအတွင်း နိုင်ငံတော်ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၁၁၀ သန်းကျော်ရောင်းချခဲ့ပါတယ်။
Photo- ဗဟိုဘဏ်