ပဲခူးမြို့ မြို့ရှောင်လမ်းပေါ်မှာရှိတဲ့ မြို့ဦးကင်းတံတားစောင့်တပ်က စစ်သား ၅ ယောက် ဩဂုတ် ၂၂ရက်က ထွက်ပြေးသွားတယ်လို့ တံတားတည်ရှိရာ ပဲခူးမြို့ရပ်ကွက်ကြီးအတွင်း နေထိုင်တဲ့ ပြည်သူတွေဆီက စုံစမ်းသိပါတယ်။
လက်နက်အပြည့်အစုံပါတဲ့ စစ်သား ၅ ယောက် ထွက်ပြေးသွားတဲ့သတင်းဟာ ဟုတ်မှန်ပြီး အတည်ပြုနိုင်တယ်လို့ ပဲခူးမြို့၊ ရပ်ကွက်ကြီး ၇ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အရင်ကလည်း စစ်သား ၃ ယောက် ထွက်ပြေးဖူးတယ်။ ဒါပေမဲ့ အဲ့တုန်းကတော့ သတင်းမထွက်လိုက်ဘူး။ အခုလည်း ၅ ယောက် ထွက်ပြေးသွားတယ်။ လက်နက်တွေ ပါသွားတယ်လို့လည်း ပြောတယ်။ ကျန်တာတော့ မသိရသေးဘူး။”
ထွက်ပြေးသွားတဲ့ ပဲခူးမြို့ ဦးကင်းတံတားစောင့် စစ်သား ၅ ဦးထဲက တစ်ဦး ပြန်ဖမ်းမိသွားတယ်ဆိုတဲ့သတင်း ဩဂုတ် ၂၃ ရက်က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။