Home
မြန်မာသတင်း
ပြည်သူ့ရင်ခွင် ခိုလှုံလာမည့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များနှင့်စပ်လျဉ်းသည့် မူဝါဒ ၅ ချက် NUG ထုတ်ပြန်
DVB
·
August 23, 2021

ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စပ်လျဉ်းတဲ့ မူဝါဒ ၅ ချက်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဩဂုတ် ၂၃ ရက်စွဲနဲ့ ကြေညာချက်ထဲမှာတော့ “အမျိုးသားညီညွတ်ရေးအစိုးရ” ဟာ ပြည်သူ့ဆန္ဒနဲ့အညီ ပေါ်ပေါက်လာတဲ့ တရားဝင်ပြည်သူ့အစိုးရဖြစ်ပြီး စစ်ကောင်စီဟာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ တရားမဝင်အာဏာသိမ်းယူထားရုံသာမက ပြည်သူကို ဖိနှိပ်ညှဉ်းပန်းသတ်ဖြတ်နေတဲ့ “အကြမ်း ဖက်စစ်အုပ်စု” ဖြစ်တယ်ဆိုတာ မြန်မာပြည်သူ လူထုတရပ်လုံးနဲ့ သက်သေအထောက်အထားဖြစ်စဉ်တွေက ဆုံးဖြတ်သတ်မှတ်ပြီး ဖြစ်တယ်လို့ ကနဦး ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေမှာ စစ်ကောင်စီရဲ့ အမိန့်အာဏာကို မလွန်ဆန်နိုင်လို့ သူ့ရဲ့ လက်အောက်မှာ ဆက်လက်ရပ်တည်နေကြတဲ့ တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခါးပိုက်ဆောင်လက်ကိုင်တုတ်အဖြစ် ဆက် လက်ရပ်တည်မယ့်အစား အမှန်တရားနဲ့ ပြည်သူ့ရင်ခွင်ဆီ ခိုလှုံရပ်တည်ကာ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုကို ခံယူရေးအတွက် မိမိတို့ကိုယ်ပိုင်အသိဉာဏ်နဲ့ ယှဉ်ပြီး ရွေးချယ်ဆုံးဖြတ်ကြဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လက်ကိုင်တုတ်တွေအဖြစ် ရပ် တည်နေတာဟာ အချုပ်အခြာအာဏာကို အလွဲသုံးစားပြုတာ၊  ပြည်သူကို ပုန်ကန်တာ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ အရေးယူဒဏ်ခတ်မှုကို မလွဲမသွေ ခံယူကြရမှာဖြစ်ကြောင်းလည်း လေးလေးနက်နက် သတိပြုအပ်တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ တရားမဝင်အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံကာ ပြည်သူနဲ့ပူးပေါင်းမယ့် တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့တွေရဲ့ ရပ်တည်ချက်မှန်ကန်မှု၊ ဉာဏ်အမြော်အမြင်ရှိမှုတွေကို လေးစားအသိအမှတ်ပြုပြီး လိုအပ်တဲ့ တာဝန်ယူမှုနဲ့ ကူညီစောင့်ရှောက်မှုတွေ ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ မူဝါဒတွေကို ချမှတ်လိုက်ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ မူဝါဒတွေထဲမှာ တရားမဝင်အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနဲ့ လမ်းခွဲပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ဝန်ခံကတိပြုတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့သားကောင်းတွေအဖြစ် အသိအမှတ်ပြုမှာဖြစ်ပြီး သူတို့ရဲ့ လုပ်သက်၊ ရာထူးနဲ့ ပင် စင်တွေကိုပါ အမျိုးသားညီညွတ်ရေးအစိုးရက ဆက်လက်တာဝန်ယူမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လတ်တလောလိုအပ်တဲ့ အသက်လုံခြုံမှု၊ မိသားစုဘဝလုံခြုံမှုနဲ့ ဘဝရပ် တည်မှုတို့ကို အာမခံနိုင်တဲ့ ကူညီစောင့်ရှောက်မယ့် အစီအမံတွေ ချမှတ်ဆောင်ရွက်သွား မှာဖြစ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံမယ့် တပ်ရင်းတပ်ဖွဲ့တွေ၊ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာ၊ ဒဏ်ခတ်အရေးယူတာမျိုးတွေ မပြုလုပ်နိုင်အောင် "ပြည်သူ့ကာကွယ်ရေးတပ်မတော်" အပါအဝင် မဟာမိတ်တွေ၊ ပြည်သူတွေကိုလည်း အသိပေးညှိနှိုင်းအကြောင်းကြားထားမယ်လို့ ဆိုပါတယ်။

အဆိုပါ တပ်ရင်းတပ်ဖွဲ့တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေဟာ အသစ် ပြန်လည်ဖွဲ့စည်းမယ့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့မှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ပူးပေါင်းနိုင်ဖို့လည်း အစီအစဉ်တွေ ချမှတ်ထားရှိမယ်လို့ ဆိုပါတယ်။

ဒီမူဝါဒတွေနဲ့အညီ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်သူ့တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကို ကြိုဆိုလက်ခံရေးနဲ့ တပ်တွေ ပေါင်းစည်းရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ပါဝင်တဲ့ အထူးကော်မတီတ ရပ်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024