Home
မြန်မာသတင်း
မရမ်းကုန်း ၁ ရပ်ကွက်အတွင်း စစ်ကောင်စီတပ်ဝင်စီး၊ လူငယ် ၄ ဦးထက်မနည်း ဖမ်းဆီးခံရ
DVB
·
August 23, 2021

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်အတွင်း သြဂုတ် ၂၃ ရက်မနက်ပိုင်းက စစ်ကောင်စီတပ်အင်အားအလုံးအရင်းနဲ့ တိုက်ခန်းတခုအား ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ် ၄ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူအချို့ဆီက သိရပါတယ်။

မနက် ၈ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး အပြန်လှန်ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

“ပစ်တာတော့ ဆက်တိုက်ပဲ၊ အပေါ်အောက်ပစ်ကြတာ။ လူငယ် ၄၊ ၅ ဦးလောက်ကို စစ်ကားပေါ်တင်ပြီး ဖမ်းခေါ်သွားတယ်။ ၉ နာရီကျော်လောက်မှာ ပစ်သံတွေရပ်သွားတယ်။ ၁၁ နာရီလောက်အထိ လမ်းပေါ်ဘယ်သူမှ မထွက်ရဲကြဘူး။ အခုမှ အခြေအနေအေးဆေးသွားလို့ အပြင်ပြန်ထွက်နေပြီ။”

အဆိုပါ မရမ်းကုန်း ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမူနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ဖူးပြီး စစ်ကောင်စီတပ်တွေက လုံခြုံရေးအားဖြည့် စောင့်ကြည့်နေတာ ကြာပြီလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ရပ်ကွက်အတွင်း ဝင်ရောက်စီးနင်းမှု လုပ်နိုင်တယ်လို့ သတင်းထွက်ပေါ်နေတာလို့ ဆိုပါတယ်။

ဒီနေ့မနက် ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ပြီးတဲ့နောက် စစ်ကား ၃ စီးက ရပ်ကွက်လမ်းတွေထဲ လှည့်ပတ်မောင်းနေတာ တွေ့ရတယ်လို့လည်း ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

အခုဖြစ်စဉ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ ရပ်ကွက်ထဲက လူငယ်တွေမဟုတ်ဘူးလို့ ပြောကြားတာတွေ ရှိပေမယ့် ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024