စစ်ကိုင်းတိုင်း တမူးမြို့မှာ ဒီကနေ့ မနက်ပိုင်းက PDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက် က ၁၇ ဦးလောက် သေဆုံးတယ်လို့ သိရပါတယ်။
တမူးမြို့ပြင်ရှိ စက်မှုနည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ နယ်မြေခံ စစ်ကောင်စီတပ်တွေကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က မနက် ၅ နာရီလောက်မှာ သွားရောက်ပစ်ခတ်ခဲ့ရာကနေ တိုက်ပွဲစတင်ခဲ့ပြီး ၉ နာရီလောက်ထိ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်ကောင်စီဘက်က အယောက် ၂၀ လောက်ကျတယ် ကြားတယ်။ ကျနော်တို့ သိတာတော့ ၁၇ ယောက်တော့ရှိမယ်” လို့ တမူး PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
PDF နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲမှာ PDF ဘက်ကလည်း (၁) ဦး ကျဆုံးကာ ၂ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
သြဂုတ် ၂၂ ရက်ကလည်း တမူးမြို့၊ မြို့မ (၁၂) ရပ်ကွက် နန်းဖာလုံ အထက (ခွဲ) ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တမူးပြည့်သူကာကွယ်ရေးတပ် (PDF) ရဲ့ လက်ရုံးပြောက်ကျားတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။