ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါ နှစ်ကြိမ်လုံး ပြည့်ပါစေ

ကိုဗစ် ကာကွယ်ဆေးတွေ အမျိုးမျိုး ကွဲပြားပေမယ့် ဆေးအမျိုးအစားတိုင်း (Jassen Covid-19 vaccineကလွဲလို့) ကတော့ တစ်ကြိမ်တည်း ထိုးရတာ မဟုတ်ဘဲ နှစ်ကြိမ် ထိုးရတာပါ။ တစ်ကြိမ်မကတဲ့ ကာကွယ်ဆေးကို ထိုးတဲ့အခါ အဖြစ်များတဲ့ ကိစ္စလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါ ကာကွယ်ဆေးကို ပထမ တစ်ကြိမ် ထိုးပြီး ဒုတိယ တစ်ကြိမ် ထပ် မထိုးဖြစ်တာပါ။

တကယ်ကတော့ နှစ်ကြိမ် ထိုးရတယ်ဆိုတဲ့ ကာကွယ်ဆေးတိုင်းက နှစ်ကြိမ် ထိုးမှ လုံလောက်စိတ်ချရမှာ မို့ပါ။ ကလေးလေးတွေကို ကာကွယ်ဆေး ထိုးတဲ့အခါ ကာကွယ်ဆေးကို course ကုန်အောင် ထိုးဖို့ လိုတယ်လို့ ပြောရတာက ရောဂါတွေကို အထိရောက်ဆုံး ကာကွယ်ဖို့ပါ။ အခုလည်း ဒီလိုပါပဲ။ မျိုးဗီဇတွေ အဆင့်ဆင့်ပြောင်းရင်း လက္ခဏာတွေ ပြင်းထန်လာတဲ့ ကိုဗစ်ကို ကာကွယ်ဖို့ဆိုရင်လည်း ကာကွယ်ဆေးကို နှစ်ကြိမ်လုံး ထိုးဖို့လိုပါမယ်။

ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်း တစ်ခု

အသက်ဆုံးရှုံးစေတဲ့အထိ ပြင်းထန်တဲ့ ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံးသော နည်းလမ်းတစ်ခုက ကာကွယ်ဆေး ထိုးနှံတာပါ။ ကာကွယ်ဆေးထိုးတာက ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်နိုင်မယ့် ကိုယ်ခံအားကို ရရှိစေမယ့် စိတ်အချရဆုံး နည်းလမ်းတစ်ခုပါ။

ကိုဗစ်ကို ကာကွယ်ဖို့ COVID-19 ကာကွယ်ဆေး ထိုးတဲ့အခါ အကောင်းဆုံး ကာကွယ်မှုကို ရရှိစေဖို့ ကာကွယ်ဆေးကို နှစ်ကြိမ်လုံး ပြည့်အောင်ထိုးဖို့ လိုပါမယ်။ ကိုယ်ခံအားဗေဒဆိုင်ရာ ပညာရှင်တွေကတော့ ဒီလို ကာကွယ်ဆေးနှစ်ကြိမ် ထိုးတာကို “prime-boosting” လို့ ခေါ်ပါတယ်။ ကာကွယ်ဆေးကို ပထမ တစ်ကြိမ် ထိုးပြီးတဲ့အခါ ၂၁ ရက် ဒါမှမဟုတ် ၂၈ ရက်ခြားပြီး ထိုးကြပါတယ်။

ဒီလို ကာကွယ်ဆေးထိုးတဲ့အခါ ပထမ တစ်ကြိမ်က ကိုယ်ခံအားကို ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ပြင်ပက ဗိုင်းရပ်စ်ကို ရှာဖွေတတ်အောင် လေ့ကျင့်ပေးတာ ဖြစ်ပြီး ကိုယ်ခံအား အနေနဲ့ ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်တတ်အောင် လေ့ကျင့်ချိန် ပေးလိုက်ပါတယ်။ ဒီလေ့ကျင့်ချိန်မှာ ကိုယ်ခံအားက ဗိုင်းရပ်စ်ကို အကောင်းဆုံး တုံ့ပြန်နိုင်ဖို့ လေ့ကျင့်ခွင့်ရလိုက်ပါတယ်။ ဒါကြောင့်လည်း ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဖျားချင်သလိုလို မအီမသာဖြစ်သလို ခံစားရတာပါ။

ကာကွယ်ဆေး ပထမ အကြိမ်မှာ တုံ့ပြန်ဖို့ အကောင်းဆုံး လေ့ကျင့်ခွင့်ရထားတဲ့ ကိုယ်ခံအား အနေနဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေး ထိုးလိုက်ချိန်မှာ အားဖြည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒီလိုနဲ့ ကာကွယ်ဆေးကို ပထမ တစ်ကြိမ်ထိုးထားပြီး နှစ်စဉ် ဒါမှမဟုတ် ၅ နှစ် တစ်ကြိမ် ထပ်ဆောင်း ကာကွယ်ဆေးတွေ ထိုးနှံရင်း ခန္ဓာကိုယ် ကိုယ်ခံအားက ရောဂါပိုးတွေကို တုံ့ပြန်နိုင်ဖို့ အကောင်းဆုံး အားဖြည့်ရပါတယ်။

တုပ်ကွေးကာကွယ်ဆေး တစ်မျိုးကသာ နှစ်စဉ် တုပ်ကွေးဗိုင်းရပ်စ် မျိုးဗီဇ အသစ်တွေ ဖြစ်ပေါ်မှုကြောင့် တစ်နှစ် တစ်ကြိမ်ကို မတူညီတဲ့ ကာကွယ်ဆေးတွေ ထိုးရတာပါ။

ကိုဗစ်ကာကွယ်ဆေး ထိုးတဲ့အခါ နှစ်ကြိမ်လုံး ပြည့်ပါစေ။

ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အခါ ဆေး နှစ်ကြိမ်လုံး ပြည့်ဖို့ လိုပါမယ်။ အကြောင်းကတော့ ဒုတိယအကြိမ် ထိုးရတဲ့ ကာကွယ်ဆေးက ကိုယ်ခံအားရဲ့ ခုခံနိုင်စွမ်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်လို့ပါ။

အမေရိကန် ပြည်ထောင်စု နဲ့ ယူကေမှာ အများစုက ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ကို မထိုးကြပါဘူး။ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးတာက ကျန်းမာရေးကို ထိခိုက်စေမှာ စိုးရိမ်တာကြောင့် ဆိုပေမယ့် တကယ်ကတော့ ကာကွယ်ဆေးကို ဒုတိယ အကြိမ် မထိုးတာကမှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါ။

အစောပိုင်း လေ့လာမှုတွေအတွင်း ကာကွယ်ဆေးကို တစ်ကြိမ်ပဲ ထိုးသူတွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုနဲ့ နှစ်ကြိမ် ပြည့်အောင် ထိုးနှံထားသူတွေရဲ့ ကိုယ်ခံအား တုံ့ပြန်မှုကို နှိုင်းယှဉ် လေ့လာခဲ့ပါတယ်။

ရလဒ်တွေမှာတော့ ကာကွယ်ဆေး ဒုတိယ အကြိမ် ထိုးပြီးတဲ့အခါ ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ကို ခုခံတိုက်ထုတ်ဖို့ antibodies ပမာဏ လုံလောက်စွာ ထုတ်လုပ်ပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါက ဘာကို ပြသလဲဆိုတော့ ကာကွယ်ဆေးကို နှစ်ကြိမ် ထိုးနှံတာက ကာကွယ်ဆေးရဲ့ ထိရောက်နိုင်စွမ်းကို တိုးစေတယ်ဆိုတဲ့ အချက်ကိုပါ။

ကာကွယ်ဆေးကို နှစ်ကြိမ်လုံး ပြည့်အောင်ထိုးတဲ့အခါ

ဆက်လက် လုပ်ဆောင်နေတဲ့ လေ့လာမှုတွေအရကတော့

Pfizer/BioNTech ကာကွယ်ဆေးကို ထိုးနှံသူတွေမှာတော့

  • ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး ၁၂ ရက် (ကိုယ်ခံအားကို အကောင်းဆုံး တုံ့ပြန်နိုင်အောင် တည်ဆောက်ပြီးချိန်) မှာ ကိုဗစ်ကို ၅၂ ရာခိုင်နှုန်း ကာကွယ်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။
  • ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ကိုဗစ်ကို ကာကွယ်နိုင်စွမ်းက ၉၅ ရာခိုင်နှုန်းအထိ တက်လာတာကို တွေ့ရှိခဲ့ရပါတယ်။

Oxford/AstraZeneca ကာကွယ်ဆေးကို ထိုးနှံသူတွေမှာတော့

  • ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီး ၂၂ ရက် (ကိုယ်ခံအားကို အကောင်းဆုံး တုံ့ပြန်နိုင်အောင် တည်ဆောက်ပြီးချိန်) မှာ ကိုဗစ်ကို ၇၆ ရာခိုင်နှုန်း ကာကွယ်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်။
  • ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး ၁၂ ပတ် အကြာ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ကိုဗစ်ကို ကာကွယ်နိုင်စွမ်းက ၈၁ ရာခိုင်နှုန်းအထိ တက်လာတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးကို ပထမအကြိမ်ပဲ ထိုးပြီး ဒုတိယအကြိမ် မထိုးသူတွေမှာ ကာကွယ်နိုင်စွမ်းက တက်မလာတာမျိုး ရှိသလို ကာကွယ်နိုင်စွမ်း ကျသွားတာမျိုးတွေတောင် ရှိနေပါတယ်။

မျိုးစိတ်တွေက အသစ်အသစ်တွေ ပေါ်လာနေတယ်ဆိုပေမယ့်လည်း အခုလက်ရှိ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေကို ထိုးနှံတာက ကိုဗစ် မျိုးစိတ်သစ်တွေကိုလည်း အထိုက်အလျောက် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ တွေ့ရပါတယ်။ ကာကွယ်ဆေး ထိုးနှံတဲ့ သုတေသန ပြုမှုတွေ အတွင်း မျိုးစိတ် တစ်မျိုးထဲကို စမ်းသပ်ခဲ့တာ မဟုတ်ပါဘူး။

  • တွေ့ရှိခဲ့ရတဲ့ ရလဒ်တွေအရ Pfizer/BioNTech နဲ့ Oxford/AstraZeneca ကာကွယ်ဆေးတွေက ပထမအကြိမ် ထိုးနှံပြီးချိန်မှာတင် alpha မျိုးစိတ်ကို ၅၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး delta မျိုးစိတ်ကို ၃၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
  • ဒုတိယအကြိမ် ထိုးနှံပြီးချိန်မှာတော့ Pfizer/BioNTech ကာကွယ်ဆေးက alpha မျိုးစိတ်ကို ၉၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး delta မျိုးစိတ်ကို ၈၈ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။
  • Oxford/AstraZeneca ကာကွယ်ဆေးကတော့ ဒုတိယအကြိမ် ထိုးပြီးချိန်မှာ alpha မျိုးစိတ်ကို ၆၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး delta မျိုးစိတ်ကို ၆၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကိုဗစ်ကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ဆိုပြီး ကာကွယ်ဆေးကို ထိုးတဲ့အခါ အထိရောက်ဆုံးဖြစ်ဖို့ဆိုရင် နှစ်ကြိမ်လုံး ပြည့်အောင် ထိုးဖို့ လိုပါမယ်။

 ရေးသားသူ Aye Thi Mon

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up