ထိုင်းဝန်ကြီးချုပ်ရာထူးကဆင်းပေးရန် ဆန္ဒပြသူ ၃၅ ဦး ထပ်မံဖမ်းဆီးခံရ

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစီမံကိုင်တွယ်မှုညံ့ဖျင်းလို့ဆိုပြီး ဝန်ကြီးချုပ် ပရာယုတ်ကျန်အိုးချားနဲ့ အစိုးရကို နေ့စဉ်လို ဆန္ဒပြနေကြရာမှာ ဩဂုတ် ၂၂ ရက် ယမန်နေ့က ဆန္ဒပြသူနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့ပြီး ထိုင်းရဲ ၂ ဦး ဒဏ်ရာရကာ ဆန္ဒပြသူ ၃၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ 

မနေ့ကဘန်ကောက်ဆန္ဒပြပွဲမှာ ဦးဆောင်တဲ့ အဖွဲ့ကြီး ၂ ဖွဲ့ရှိပြီး ထလုဖာ့လို့ခေါ်တဲ့အဖွဲ့က ညနေ ၃ နာရီလောက် ခေါက်ဝိုးမီးပွိုင့်မှာစုဝေးပြီး ဒီမိုကရေစီကျောက်တိုင်သို့ ချီတက်ခဲ့ကြပါတယ်။  ဆန္ဒပြသူတွေဟာဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး ရောင်စုံအားကစားပွဲပုံစံ ဆန္ဒပြခဲ့ကြောင်း၊  စုရပ်မှာ လမ်းပိတ်ဆို့ အသံချဲ့စက်အသုံးပြုပြီး ဟောပြောရာမှာ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက ညနေ ၅ နာရီမှာ ရပ်နားဖို့ပြောပေမယ့် ည ၇ နာရီခွဲထိ ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ အဖွဲ့ထဲမှာ ပြီးခဲ့တဲ့အပတ်က ရဲကဆန္ဒပြပွဲဖြိုခွင်းလို့ မျက်စိတဖက်ကွယ်သွားခဲ့တဲ့ လူငယ်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ 

နောက်တဖွဲ့ကတော့ ထလုကက်စ်လို့အမည်ရပြီး ညနေ ၅ နာရီလောက် ဒင်ဒဲန်သုံးမြှောင့်အဝိုင်းမှာ လာရောက်စုဝေးခဲ့ကြောင်း၊ လုံခြုံရေးရဲတွေက မျက်ရည်ယိုဓာတ်ငွေ့၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲရာမှာ ဆန္ဒပြသူဘက်ကလည်း ကျောက်ခဲ၊ လေးဂွ၊ ဗျောက်အိုးအစရှိတာတွေနဲ့ ရဲတွေကိုပြန်ပစ်လို့ ၂ ဘက် ရုန်းရင်းဆန်ခတ်ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို လိုက်လံဖမ်းဆီးရာမှာ ဆန္ဒပြသူ ၃၅ ဦးနဲ့ ဆိုင်ကယ် အစီး ၂၀ ကို သိမ်းဆည်းခဲ့ကြောင်း ၊ သူတို့ကို အရေးပေါ်ဥပဒေဖောက်ဖျက်မှု၊  ကူးစက်ရောဂါ ကာကွယ်ရေး ဥပဒေဖောက်ဖျက်မှု၊ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတွေနဲ့ ကနဦးအရေးယူသွားမယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး ပီယထဝီချိုင်းက ယမန်နေ့ည သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လကနေ ယမန်နေ့ထိ ဆန္ဒပြခေါင်းဆောင် ၁၆ ဦး ဖမ်းဆီးထားကာ လုံခြုံရေးတပ်ဖွဲ့မှ ဆန္ဒပြသူတွေပေါ် စွဲချက်တင်ထားတဲ့ အမှုပေါင်း၁၁၆ မှုရှိကြောင်း၊ အဲဒီထဲမှာ အထက်ဖော်ပြပါ အရေးပေါ်ဥပဒေ၊ ကိုဗစ်-၁၉ ဥပဒေဖောက်ဖျက်မှုအပါအဝင် လူ ၁၀ ဦးထက်ပို စုဝေးတဲ့အမှု ၊ ဆူပူလှုံ့ဆော်မှု၊ အများပြည်သူအားအနှောင့်အယှက်ပေးမှု၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖော က်ဖျက်မှု၊ ကညန ဥပဒေ၊ မြူနီစီပါယ်ဥပဒေ ဖောက်ဖျက်မှုတွေပါဝင်တယ်လို့   ရဲမှူးကြီး ပီယ ထဝီချိုင်းက ပြောသွားပါတယ်။ 

ဆန္ဒပြသူတွေဟာ ဒီကနေ့ညနေပိုင်းမှာလည်း ဝန်ကြီးချုပ်နုတ်ထွက်ရေး ဆက်လက်ဆန္ဒပြဖို့ ရှိနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up