ကရင်ပြည်နယ်၊ ဘောကလိမြို့ ကေအန်ယူ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့တပ်တွေ လူအင်အားဖြည့်တင်းပြီး ဝင်ရောက်လာတယ်လို့ ကေအန်ယူက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ မနက် ၉ နာရီလောက်က တောင်ငူကနေ သံတောင်မြို့မှတဆင့် ဘောကလိမြို့ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီရဲ့ ကားကြီး ၂၄ စီး၊ ကားငယ် ၂ စီးနဲ့အတူ လူအင်အား၊ လက်နက်ခဲယမ်းအပြည့်နဲ့ အင်းအားဖြည့်တင်းပြီး ဝင်ရောက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဇူလိုင်လက စတင်ပြီး ကေအန်အယ်လ်အေ တပ်မဟာ ၂ နဲ့ စစ်ကောင်စီရဲ့ တပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လူအင်အား လက်နက်ခဲယမ်း ပိုမိုဖြည့်တင်းလာပြီး စစ်ရေးပိုမိုလှုပ်ရှားလာတာပါ။
ဒါအပြင် ဂျက်တိုက်လေယာဉ်တွေနဲ့ ကေအန်အယ်လ်အေ တပ်ရင်း ၅၊ တပ်ရင်း ၆ နယ်မြေတွေမှာ နေ့စဉ်ပျံသန်းတာတွေ ပြုလုပ်လာတယ်လို့ ကေအန်ဒီအို တပ်ရင်း ၄ ရုံးထိုင်မှူးက အတည်ပြုပြောဆိုပါတယ်။
စစ်ကောင်စီဘက်က အင်အားပိုမိုဖြည့်တင်းပြီး နယ်မြေတိုးချဲ့လှုပ်ရှားလာတဲ့အပေါ် တိုက်ပွဲတွေပို မိုဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီရဲ့ တပ်တွေဟာ တပ်မဟာ ၅ လက်အောက်ခံ ဂယ်ကော်တပ်ရင်း နယ်မြေကို စစ်အင်အားတိုးချဲ့ ချီတက်ရာမှာ တောင်ငူဘောဂလိလမ်းကို အသုံးပြုခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။
သြဂုတ်လဆန်းပိုင်းက ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေကို ဘားအံမြို့နယ် ဝါးဘိုးတောလမ်းဆုံကနေ ကမမောင်းလမ်းအတိုင်း လူအင်အား လက်နက်အင်အားဖြည့်တင်းပြီး ကား ၁၀စီ းနီးပါးနဲ့ ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။