ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျူတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို ပွဲစားတွေက တောထဲ လာပစ်ထားလို့ ၃ ရက်တာ အစာရေစာငတ်ပြတ်ခဲ့ရတယ်လို့ Amarintv ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။
ပရကျူတ်ခီရီခန်မြို့နယ်ရဲတပ်ဖွဲ့ ၊ စစ်တပ်နဲ့ နယ်မြေအုပ်ချူပ်ရေးရုံးက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်တရားမဝင်ဖြတ်ကျော်မှု ပပျောက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ကော်လတ်ကျေးရွာအုပ်စုရှိ ထိုင်း-မြန်မာနယ်စပ် တောလမ်းတလျှောက် နယ်လှည့်စစ်ဆေးနေရာမှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့က နယ်မြေ ၃ နဲ့ နယ်မြေ ၄ အစပ် တောထဲမှာ မသင်္ကာဖွယ်လူတစု လျှောက်လာနေတာတွေ့ရကြောင်း၊ အဆိုပါလူတွေဟာ တာဝန်ရှိသူတွေ ကိုတွေ့တော့ ထွက်ပြေးကြတယ်လို့ ရဲတပ်ဖွဲ့ဝင်က သတင်းထောက်ကို ပြောပါတယ်။
သူတို့ကို လိုက်လံဖမ်းဆီးရာမှာ အမျိုးသား ၆ ဦးကို ဖမ်းမိခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းရာမှာ အားလုံးဟာ ထားဝယ်ခရိုင်ကဖြစ်ပြီး ထိုင်းမှာ အလုပ်လုပ်ဖို့အတွက် မုဒုံမှာရှိတဲ့ တင်ဌေးဆိုသူ ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၅၀၀၀ စီပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ပွဲစားက သူတို့ကို ထိုင်းနယ်စပ်ထိပို့ပေးပြီး ထိုင်းထဲ ထပ်ဝင်လာဖို့ လမ်းပြကို တစ်ဦးလျှင် နောက်ထပ် ဘတ် ၅၀၀ ပေးရကြောင်း၊ လမ်းပြက သူတို့ကို တောထဲမှာ လာထားပြီး ထိုင်းပွဲစားက လာခေါ်လိမ့်မယ်လို့ ဆိုကာ မြန်မာပြည်ထဲ ပြန်ဝင်သွားတယ်လို့ ပြောပါတယ်။
သူတို့ ၆ ဦးဟာ တောထဲကနေ ထိုင်းပွဲစား လာအခေါ်ကို မျှော်နေပေမယ့် ၃ ရက်ကြာတဲ့အထိ လာခေါ်မယ့်သူမရှိကြောင်း၊ စားနပ်ရိက္ခာလည်းပြတ်ပြီး တောထဲမှာ မျက်စိလည် လမ်းမှားနေစဉ် တာဝန်ရှိသူတွေနဲ့ တိုးမိတာလို့ ဆိုပါတယ်။
သူတို့ ၆ ဦးမှာ အစားမစားရတဲ့အတွက် နွမ်းလျနေကြကြောင်း၊ တာဝန်ရှိသူတွေက ကိုဗစ်-၁၉ စစ်ဆေးရှာဖွေပြီး ဆိင်းခဝမ်နယ်စပ်ဂိတ်အနီးရှိ စစ်တပ်ထဲမှာ ၁၄ ရက်ကြာ ကွာရန်တင်းဝင်စေကာ အဲဒီနောက် တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။