ဒုက္ခသည်ယောင်ဆောင် အာဖဂန်စစ်သွေးကြွများကို အလိုမရှိဟု ရုရှားသမ္မတ ပြော

ဒုက္ခသည် အယောင်ဆောင်ပြီး အာဖဂန်နစ္စတန်နိုင်ငံက စစ်သွေးကြွတွေ ရောက်လာမှာကို ရုရှားက မလိုချင်ဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က သြဂုတ် ၂၂ ရက်မှာ ပြောလိုက်ပါတယ်။

အာဖဂန်နစ္စတန်က ဒုက္ခသည်တွေကို အမေရိကန်နဲ့ ဥရောပမှာ ပြည်ဝင်ခွင့်ပေးဖို့ စီစဉ်နေဆဲ အချိန်မှာ အိမ်နီးချင်း အလယ်အာရှနိုင်ငံတွေဆီ ပို့နေတဲ့ အနောက်နိုင်ငံတချို့ရဲ့ အတွေးအခေါ်ကို လည်း ပူတင်က ဝေဖန်လိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံက ပဋိပက္ခဟာ ရုရှားနိုင်ငံအတွင်း လုံခြုံရေးအခြေအနေကို တိုက်ရိုက် သက်ရောက်တယ်လို့လည်း သူက ပြောပါတယ်။

တာလီဘန်ခေါင်းဆောင်တွေက ခုချိန်ထိ သူတို့ ကတိကို တည်နေတုန်းပဲလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ့ဗ်ရော့ဗ်က သြဂုတ် ၂၂ ရက်မှာ ပြောပါတယ်။

တာလီဘန်တွေရဲ့ ကြေညာချက်ကို မြင်တာမှာ တိုက်ခိုက်ရေး လုပ်ရပ်တွေ ရပ်ထားမယ်၊ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်၊ ပြည်လုံးကျွတ် ဆွေးနွေးပွဲလုပ်ဖို့ လိုတယ်လို့ ပါတယ်။ သူတို့က ဒါတွေကို အကောင်အထည်ဖော်နေတယ်လို့ လာ့ဗ်ရော့ဗ်က ပြောပါတယ်။

တာလီဘန်တွေဟာ သမ္မတဟောင်း ဟာမစ်ကာဇိုင်း၊ အစိုးရဟောင်းရဲ့ ငြိမ်းချမ်းရေး အထူးသံတမန် အဗ်ဒူလာအဗ်ဒူလာနဲ့ ပန်ရှီယာတောင်ကြားက တာလီဘန် ဆန့်ကျင်ရေး တပ်တွေနဲ့ပါ စတင်ဆွေးနွေးနေပြီလို့ လာ့ဗ်ရော့ဗ်က ပြောပါတယ်။

ရုရှားဟာ အာဖဂန်နစ္စတန်အရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရုရှားအစိုးရပုံစံ 'Moscow format' နဲ့ ပြန်စဖို့ အသင့်ပဲလို့လည်း လာ့ဗ်ရော့ဗ်က သြဂုတ် ၁၉ မှာ ပြောပါတယ်။

'Moscow format' ဟာ အာဖဂန်နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ စိတ်ဝင်စားတဲ့ နိုင်ငံတွေ ရုရှားမြို့တော် မော်စကိုမှာ ၂၀၁၆ ခုနှစ်တည်းက အစည်းအဝေးတွေ ကျင်းပခဲ့ဖူးတာကို ရည်ညွှန်းထားတာပါ။

နိုင်ငံ့အခြေအနေကို ဖြေရှင်းဖို့ ဦးတည်တဲ့ အာဏာခွဲယူထားတဲ့ အသွင်ကူးပြောင်းရေးအစိုးရ တရပ်ကို ရုရှားအစိုးရက လူသိရှင်ကြား ထောက်ခံတယ်လို့ လာ့ဗ်ရော့ဗ်က ဆက်ပြောပါတယ်။

ဒီသီတင်းပတ်အစောပိုင်းမှာ သူဟာ အာဖဂန်အရေးကို အမေရိကန်၊ တရုတ်နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ ဆွေးနွေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up