Home
မြန်မာသတင်း
မိကျောင်းကန် သပိတ်စခန်း ၃ လ ယာယီ ရပ်ဆိုင်း
DVB
·
December 12, 2013
သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန်မှာ မြေယာသိမ်းဆည်းမှုအတွက် သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ ဆန္ဒပြသမားတွေက သပိတ်စခန်းကို  ၃ လကြာ ယာယီ ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ သိမ်းဆည်းခံ မြေယာတွေကိစ္စ ဖြေရှင်းပေးဖို့ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြ တောင်းဆိုနေသူတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ မတိုင်ခင် ဖယ်ရှားပေးဖို့ သတိပေးထားပေမယ့်   ဆန္ဒပြသမားတွေက  သပိတ်စခန်း မရုပ်သိမ်းဘဲ ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ MiKyaungKan10သပိတ်စခန်း ဖွင့်ပြီး ၁၇ ရက်အကြာ ဒီနေ့မနက်မှာတော့  လွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်က တာဝန်ရှိသူတွေ လာရောက်ပြီး  ဒီကိစ္စ ကြားဝင် ညှိနှိုင်း လုပ်ဆောင်ပေးမယ်လို့ ကတိပေးတဲ့အတွက် ဆန္ဒပြသမားတွေက သပိတ်စခန်းကို ရုပ်သိမ်း လိုက်တာ ဖြစ်ပါတယ်။ မြေယာစုံစမ်းစစ်ဆေးရေး ကော်မရှင်က လာရောက် ရှင်းလင်းပြတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆန္ဒပြတဲ့သူတွေက ဆန္ဒပြတာကို ၃ လ ရုပ်သိမ်းပေးတဲ့အကြောင်း မိကျောင်းကန် ဆန္ဒပြပွဲကို သွားရောက် ကူညီပေးနေတဲ့ ၂၀၀၇ ခုနှစ် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့က ဦးသိန်းအောင်မြင့်က ပြောပါတယ်။ “လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဦးအောင်သိန်းလင်း က ဆောင်ရွက်ပေးတယ်ဆိုတဲ့အကြောင်းကို တရားဝင်စာလာပို့ပါတယ်။ အခုလာမယ့် လွှတ်တော်မှာ တရားဝင်တင်ပြမှာဖြစ်ပါတယ်။ အခုလို လုပ်ရပ်တွေကို ဆောင်ရွက်နေတဲ့အကြောင်း ပြန်စာတွေနဲ့ ဦးအောင်သိန်းလင်း ရှင်းပြသွားတယ်။ သပိတ်စခန်းအနေနဲ့ လွှတ်တော် တင်တာကို အစိုးရအနေနဲ့ လုပ်ဆောင်မယ့်အပေါ်မှာ စောင့်ကြည့်မယ်ပေါ့။ အဲဒီစောင့်ကြည့်တဲ့အဖြေက မိကျောင်းကန် ပြည်သူတွေ ကျေနပ် နှစ်သိမ့်မယ်ဆိုရင်တော့ ဘာမှမဖြစ်ဘူး။ မကျေနပ်ဘူးဆိုရင် နောက် ၃ လ အကြာမှာ ဆက်လက် ဆန္ဒထုတ်ဖော်မယ်လို့ ပြောသွားပါတယ်။” ဒီပြဿနာကို လာရောက် ဖြေရှင်းပေးခဲ့တဲ့  ပြည်သူ့လွှတ်တော် မြေယာစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် အမတ် ဦးအောင်သိန်းလင်းက  ၁၉၉၁ ခုနှစ်ကတည်းက စစ်တပ်က ဒီ မြေယာတွေကို သိမ်းဆည်းထားပေမယ့် ဒီ မြေတွေပေါ်မှာ စီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်ခြင်း မရှိတဲ့အတွက်  ကော်မရှင် စုံစမ်းစစ်ဆေးရမယ့် အထဲမှာ ပါနေသလို စိစစ် ဆောင်ရွက်နေတဲ့အကြောင်း  ဆန္ဒပြသူတွေကို ရှင်းပြခဲ့တယ်လို့   ပြောပါတယ်။ ဒါ့အပြင် လွှတ်တော်ထဲမှာလည်း ဒီကိစ္စကို  မေးမြန်းထားပြီး လွှတ်တော်ကတဆင့် အစိုးရကို ဆက်လက် ပေးပို့ပေးသွားမှာဖြစ်တဲ့အကြောင်း၊ အစိုးရအနေနဲ့ ဒီကိစ္စအတွက် အဖြေတခု ရရှိအောင် ဆောင်ရွက်ပေးသင့်တဲ့ကြောင်း ဦးအောင်သိန်းလင်းက ပြောပါတယ်။ “ဒါနဲ့ပတ်သက်ပြီး အစိုးရက အဖြေတခု ဆောင်ရွက်ပေးစေချင်ပါတယ်။ မဟုတ်ရင် ဒီလိုပဲ ခဏခဏ ဆန္ဒဖော်ထုတ်တာတွေ ဖြစ်နေမယ်ဆိုရင် တိုင်းပြည်ရဲ့ ပုံရိပ် ကျမယ်လို့ ကျနော်ထင်တယ်။ အခုလည်း ဆီးဂိမ်းလုပ်နေတယ်ဆိုတော့ တိုင်းပြည်ရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တာပေါ့။ နောင်လည်း ဒီကိစ္စတွေက ဖုံးကွယ်ထားလို့ရတဲ့ ကိစ္စတွေ မဟုတ်ဘူး၊ ဆန္ဒဖော်ထုတ်တာတွေကို တကမ္ဘာလုံး ဟိုးလေးတကျော် ကြည့်နေကြတာ။ အစိုးရက အသေအချာ ကျနော်တို့ စိစစ်သလို စိစစ်ပြီး ပြည်သူကိုဗဟိုပြု ချည်းကပ်နည်းနဲ့ စဉ်းစားဆုံးဖြတ်ပေးလိမ့်မယ်လို့၊ အဲလို စဉ်းစားဆုံးဖြတ်ပေးပါလို့ ကျနော့်အနေနဲ့ ပြောချင်တယ်။” ​     သ​င်္ဃန်း​ကျွန်း​မြို့နယ် ​မိ​ကျောင်း​ကန်​အ​ပိုင်း ၁ ဝေ​ဇ​ယ​န္တာ​လမ်း​က ​မြ​စာ​ရံ​အေး​စေ​တီ ​အ​နား​မှာ ဆန္ဒပြသမားတွေက  ​သ​ပိတ်​စ​ခန်း ​ဖွင့်လှစ်ပြီး ​ သိမ်းဆည်းခံ​မြေ​တွေ​ကို ​ပြန်​လည်​ ရ​ရှိ​ရေး ​ကြွေး​ကြော်​ ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့  လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သပိတ်စခန်းအနီး အင်အား အလုံးအရင်းနဲ့ ၀င်ရောက်လာပြီးနောက် ဆန္ဒပြသမားတွေနဲ့ ထိပ်တိုက်တွေ့ရာမှာ  ဆန္ဒပြသူ ၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့   မြေသိမ်းမှုနဲ့ ပတ်သက်ပြီး ကျူးကျော်မြေ ဟုတ်၊ မဟုတ် အထောက်အထားတွေနဲ့ အစဉ်အဆက် နေထိုင်လာခဲ့တဲ့ တရားဝင်လမ်းတွေ၊ အိမ်အမှတ်တွေနဲ့ မြေခွန်ဆောင်ထားတဲ့ ပြေစာတွေ ရှိနေပြီး   လွှတ်တော်က ဖြေရှင်းပေးမယ့်ကိစ္စ  ကျေနပ်လောက်တဲ့ အဖြေမရရင်တော့ ထပ်မံ ဆန္ဒပြသွားမယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024