မန္တလေးတိုင်း၊ မတ္တရာမြို့နယ် လမိုင်းရွာနားမှာ ဩဂုတ် ၂၂ ရက် ဒီနေ့ညနေပိုင်းက အမျိုးသား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။
ဒလန် ကျားရဲစိုးဝင်းလို့ လူသိများတဲ့ အမျိုးသားတစ်ဦးဟာ ဒီညနေ ၄ နာရီခွဲလောက်က လမိုင်းရွာနဲ့ မကျည်းရွာချင်းဆက် လမ်းဘေးမှာ ဆိုင်ကယ်နဲ့ သွားနေတုန်း သေနတ်နဲ့ ပစ်ခံလိုက်ရတာလို့ ဒေသခံတယောက်ကပြောပါတယ်။
“သူ့ကို ကျားရဲစိုးဝင်းလို့ခေါ်တယ်။ ထောင်ထွက်ပဲ။ ရွာသာယာ(အောင်ချမ်းသာရွာ) ကပါ။ အခု လွတ်ငြိမ်းချမ်းသာနဲ့ ပြန်ထွက်လာပြီးကတည်းက စစ်ခွေးတွေလမ်းကြောင်းတွေမှ ရှေ့ပြေးအဖြစ် လိုက်လေ့ရှိတယ်။ ဒလန်လို့ ဒီနယ်မှာ လူသိများတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေ ၅ နာရီခွဲလောက်မှာ မတ္တရာမြို့ကနေ ရဲနဲ့ စစ်သားတွေဟာ အိမ်စီးကား ၅ စီးနဲ့ ရောက်လာပြီး လမိုင်းရွာထဲမှာ ဝင်ရောက် စုံစမ်းနေတယ်လို့ သိရပါတယ်။