မန္တလေးမြို့မှာ သြဂုတ် ၁၅ ရက် မှ ၂၁ ရက်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၁၆၀ ဝန်းကျင် ရှိခဲ့တယ်လို့ မန္တလေးမြို့ခံလူမှုကူညီရေးအသင်းက သိရပါတယ်။
စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ် ၁၅ ရက် မှ သြဂုတ် ၂၁ ရက်နေ့ထိ ထုတ်ပြန်ချက်မှာ မန္တလေးမြို့မှာ ကိုဗစ်ကူးစက်ခံရသူ ၈၈ ဦးရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၄၆ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
သြဂုတ်လ ၂၁ ရက် တစ်ရက်တည်းမှာ သံဃာတော်တစ်ပါး အပါအဝင် ကိုဗစ်လူနာ ၁၆ ဦး သေဆုံးခဲ့ပါတယ်။ မန္တလေးဆေးရုံကြီးရင်ခွဲရုံက ကိုဗစ်လူနာ ၈ ဦး၊ မြို့တော်ဆေးရုံက ကိုဗစ်လူနာ ၁ ဦး၊ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံက ကိုဗစ်လူနာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်လူနာ ၆ ဦး သေဆုံးခဲ့ရပါတယ်။
ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပါတယ်။
သေဆုံးသူအများစုက အသက်အရွယ်ကြီးသူတွေ ရောဂါအခံရှိသူတွေဖြစ်ပြီး ဆေးခန်းမပြသနိုင်ခြင်း၊ ဆေးဝါးအခက်အခဲ၊ အောက်ဆီဂျင်အခက်အခဲတို့ကြောင့် သေဆုံးကြတာပါ။
ဇူလိုင် တစ်လအတွင်း ကိုဗစ်လူနာ နဲ့ သံသယရှိသူ ၂၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းက သိရပါတယ်။