မကွေးတိုင်း၊ ရေစကြိုမြို့မှာ သြဂုတ် ၂၁ ရက် ဒီမနက် ၁၁ နာရီလောက်က မြို့နယ်လျှပ်စစ်ရုံး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီရဲ့တပ်နဲ့ ရဲတွေဟာ လမ်းပေါ်သွားလာနေတဲ့ စစ်ဆေးမခံသူ လူငယ်တွေကို သေနတ်နဲ့ပစ်ခတ် လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့နယ်လျှပ်စစ်ရုံးအနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက မြို့မစျေး၊ လမ်းမတန်းတလျှောက်နဲ့ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးနေစဉ် ပြန်လှည့်သွားတဲ ဆိုင်ကယ်တွေကို သေနတ်နဲ့ လိုက်လံပစ်ခတ်ခဲ့တာပါ။
စျေးအနီးနေထိုင်တဲ့ မျက်မြင်တွေ့ရှိသူတစ်ဦးက "စျေးနဲ့လမ်းဆုံတွေမှာ စစ်တပ်နဲ့ရဲတွေက ဆိုင်ကယ်တွေ၊ လမ်းသွားလမ်းလာတွေကို တားပြီးစစ်ဆေးနေတုန်း ပြန်လှည့်ပြေးသွားတဲ့ လူငယ်တွေကို ဆိုင်ကယ်နဲ့ နောက်ကလိုက်ပြီး သေနတ်နဲ့ ပစ်တာ။ အဓိက က လူငယ်တွေကို စစ်တာပဲ"လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိသလိုထိခိုက်ဒဏ်ရာရသူလည်း မရှိပါဘူး။
သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တစ်ခုက တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ရေစကြိုမြို့မှာ မေလကစတင်ပြီး ပညာရေးမှူးရုံး၊ စာသင်ကျောင်း၊ ထွေအုပ်ရုံးအပါအဝင် နေရာတော်တော်များများမှာ ၁၀ ကြိမ်ထက်မနည်း ဗုံးပေါက်ကွဲခဲ့ပါတယ်။