မကွေးတိုင်း ပွင့်ဖြူမြို့နယ်၊ ရှောက်တောရွာမှာ သြဂုတ် ၂၀ ရက်ညပိုင်းက ဒေသခံပြည်သူ ၇ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၄ ယောက် ပြန်လွှတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပွင့်ဖြူမြို့နယ် ရှောက်တောရွာမှာ စစ်ကောင်စီသတင်းပေး ဒလန် ကျော်သန်းက NUG နဲ့ ဆက်သွယ်တယ်လို့ မဟုတ်မမှန်သတင်းပေးတာကြောင့် အကြမ်းဖက်စစ်အုပ်စုတွေ ရောက်လာပြီး NLD ပါတီဝန်းရံသူ ၇ ယောက်ကို ဖမ်းဆီးခဲ့ပြီး ၄ ယောက် ပြန်လွှတ်ခဲ့တယ်လို့ ရှောက်တော ရွာခံ တစ်ယောက်က ပြောပါတယ်။
ရိုက်နှက်ဖမ်းဆီးခံရသူတွေက ရှောက်တောရွာနေ ကိုသိန်းမိုး၊ ကိုမြင့်ဝေ၊ ကိုတာတီး၊ ကိုကျော်စွာထွေး၊ ကိုလုံးစောက်၊ ကိုစိုးနဲ့ ကိုတက်ပု ခေါ် ကိုသိန်းကျော်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအဖမ်းခံရတဲ့ ဒေသခံပြည်သူတွေထဲက ကိုတာတီး၊ ကိုကျော်စွာထွေး၊ ကိုလုံးစောက်နဲ့ ကိုစိုးတို့ ၄ ယောက်ကို ထိုးကြိတ်၊ ရိုက်နှက်နှိပ်စက်တာတွေ လုပ်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ပွင့်ဖြူမြို့နယ်ထဲက နေရာအနှံ့ အကြမ်းဖက်စစ်အုပ်စုတွေကို အရပ်ဝတ်တွေနဲ့ နေရာအနှံ့ချထားပြီးတော့ အဖမ်းခံရတဲ့ ပြည်သူတွေဟာ ဘာလှုပ်ရှားမှုမှ မရှိဘဲ ဒလန်တွေက သူတို့နဲ့ မတည့်သူတွေကို မမှန်သတင်းပေးပြီး လက်ထောက်ချ ဖမ်းခိုင်းတာလို့ သိရပါတယ်။