မန္တလေးတိုင်း မိုးကုတ်မြို့က မင်္ဂလာကန်ပေါင်မှာ သြဂုတ် ၂၀ ရက်က ငါးဖမ်းနေတဲ့ လူ ၄ ဦး နဲ့ နီလာစျေးကြီးမှာ စျေးဝယ်လာတဲ့ လူ ၃ ဦးကို အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ တစ်ဦးက “ငါးဖမ်းနေတဲ့လူ ၄ ယောက်ကို လာဖမ်းသွားတယ်။ ဘာလို့ဖမ်းလဲ ဆိုတာကို မသိရဘူး။ စစ်အုပ်စုက ကန်ဘောင်နားမှာ အင်အားအများကြီးနဲ့ နေရာယူထားတာ ကြာပြီ” လို့ ပြောပါတယ်။
နီလာစျေးကြီးထဲမှာတော့ စျေးလာဝယ်တဲ့သူတွေထဲက တချို့ကို လက်နက်ကိုင်ထားတဲ့ သူတွေက လာဖမ်းသွားရာမှာ အမျိုးသမီး နှစ်ဦး ပါတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။
“အမျိုးသမီး နှစ်ဦးပါတယ်။ ပုံစံတွေက တောဘက်ကလာတဲ့ ပုံစံတွေနဲ့ စျေးလာဝယ်တာ။ မိုးကာအပြာတွေ ခြုံထားတဲ့ လူတွေက လာဖမ်းသွားတယ်။ မိုးကာအောက်ထဲမှာ လက်နက်တွေ ပါတယ်။”
အကြမ်းဖက်စစ်အုပ်စုက စစ်သားတွေဟာ မိုးကုတ်မြို့ထဲကို ပတ်နေတာကြာပြီဖြစ်ပြီး အခု ၇ ဦးကို ဘာကြောင့် ဖမ်းဆီးတာလဲဆိုတာကိုတော့ မသိကြသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။