တောင်တွင်းကြီးမြို့က ရွှေအိုး ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းမှာ သြဂုတ် ၂၁ ရက်နေ့မနက် ၈ နာရီဝန်းကျင်က ရာအိမ်မှူး ၁ ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက ''အသတ်ခံရတဲ့သူက ဇော်လတ်တဲ့။ သူက ပြည်ခိုင်ဖြိုးလေ။ သူ့ဦးလေး ဦးစိုးမြင့်က စစ်ကောင်စီခန့်တဲ့ အုပ်ချုပ်ရေးမှူးဆိုတော့ သူက ရာအိမ်မှူးဖြစ်လာတာပေါ့။ ဒလန်အကြီးစားပဲ။ ရပ်ကွက်စီမံခန့်ခွဲရေးအဖွဲ့ အတွင်းရေးမှူးဆိုပြီး သူ့ကိုယ်သူ ကြွေးကြော်နေတဲ့သူ အခုတော့သွားပြီ” လို့ ပြောပါတယ်။
သေဆုံးသူ ဇော်လတ်ဟာ တပ်မတော်ထောက်ခံပွဲအပါအဝင် စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီကပြုလုပ်တဲ့ အခမ်းအနားတွေမှာ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သူလို့ သိရပါတယ်။
ရပ်ကွက်ရုံးနဲ့နီးစပ်သူတဦးက “ရုံးထဲမှ ၄ ယောက်ရှိပြီး သူ့ကိုရွေးပစ်သွားတာ။ နဖူးမှာ ၁ ချက်၊ ရင်ဘတ်မှာ ၂ ချက်၊ စုစုပေါင်း ၃ ချက်မှန်ပြီး နေရာမှာတင်ပွဲချင်းပြီး သေသွားတယ်” လို့ ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြုလုပ်တာဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ လက်ပါးစေတွေ၊ ဒလန်တွေနဲ့ စစ်ကောင်စီကို အထောက်အပံ့ပြုလုပ်နေသူတွေကို ဆက်လက်ရှင်းလင်းသုတ်သင်သွားမယ်လို့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။