မွန်ပြည်နယ် ရေးမြို့နယ် ရေးတောင်ပိုင်းဒေသရှိ ကျေးရွာတွေမှာ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဒေသခံရွာသားတွေဆီကနေ ပြီးခဲ့တဲ့ရက်တွေကစပြီး တရားမဝင် ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ကျေးရွာတွေဖြစ်ကြတဲ့ ကျုံညဲ၊ မိထောလှာကြီး၊ ဓနိကြာ နဲ့ မန်းကျည်းကျေးရွာ ဒေသခံတွေဆီက ဝင်ငွေတွေအပေါ် မူတည်ပြီး ငွေကျပ် ၈ သောင်းကနေ ၃ သိန်းကျပ်အထိ ပေးဆောင်ရတယ်လို့ မွန်လူ့အခွင့်ရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။
လက်ရှိ ကိုဗစ်ကာလမှာ အလုပ်အကိုင် အဆင်မပြေကြဘဲ ဝင်ငွေလည်း မရှိတာကြောင့် ရှာကြံ ပေးကြရသလို တချို့ရွာတွေမှာတော့ နေအိမ်အထိ အမည်မသိလက်နက်ကိုင်တွေက လာယူသွားတာလည်း ရှိကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ငွေကြေး ပေးဆောင်ရတဲ့ ရွာတွေက ဥယျာဉ်ခြံလုပ်ကိုင်သူကြတဲ့ မွန်ရွာတွေ အများဆုံး ဖြစ်ကြပြီး ဒေသခံတွေက ငွေမပေးနိုင်ကြတဲ့သူတွေလည်း လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီအမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ဒေသခံရွာသူရွာသားတွေကို ဒီနေ့အချိန်အထိ ဖမ်းဆီးတာ၊ ကိုယ်ထိလက်ရောက် အန္တရာယ်ပြုတာတွေ မရှိသေးပေမဲ့ မကြာခဏ ငွေကြေးကောက်ခံနေတယ်လို့ ဆိုပါတယ်။