Home
မြန်မာသတင်း
ရေဒီယို NUG အစီအစဉ်တွင် ပြည်သူ့အသံများများပါစေချင်ကြောင်း ပရိသတ်များပြော
DVB
·
August 21, 2021

ရေဒီယို NUG အစီအစဉ်ကို ထောက်ခံအားပေးပြီး ပြည်သူ့အသံများများပါစေချင်တယ်လို့ ပရိသတ်တွေက ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရက ရေဒီယို NUG အစီအစဉ်ကို ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၈ နာရီမှာ စတင်ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်ကို နိုင်ငံတဝှမ်းကပြည်သူတွေ ထောက်ခံအားပေးခဲ့ပါတယ်။  

ရေဒီယို NUG အစီအစဉ်ကို စတင်စမ်းသပ်ထုတ်လွှင့်တာဖြစ်ပေမယ့် အသံကြည်လင်ပြတ်သားပြီး နားထောင်ရတာ အဆင်ပြေတယ်လို့ ဆိုကြပါတယ်။  

ရေဒီယို NUG အစီအစဉ်ကနေတဆင့် သတင်းမှန်တွေကို ကျေးလက်ဒေသက ပြည်သူတွေဆီ ရောက်အောင်ပို့ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြိုးစားနေတာဖြစ်ပါတယ်။

မကွေးမြို့ခံပြည်သူတစ်ဦးက “ပြည်သူ့အသံတွေကို ဒီထက်ပိုပါဖို့ လိုတယ်။ သတင်းတွေမှာဆိုရင် ဖေ့စ်ဘွတ်ခ်က ကြေညာချက်တွေကို ဖတ်ပြရုံသက်သက်ထက်ပိုပြီး ဒေသခံအသံတွေပါရင် ပိုကောင်းမယ်။ ဒါမှမဟုတ်ရင် အစိုးရရဲ့ ဝါဒဖြန့်ရေးသက်သက်ပဲ ထားမှာလား။ ဒါဆိုလည်း ရတယ်။ သူတို့သဘောပေါ့။ တကယ်တမ်းပိုကောင်းတာက ရေဒီယိုဖြစ်တဲ့အတွက် ပြည်သူတွေအသံကို များများထည့်ဖို့လိုတယ်။ ကွာလတီပိုင်းအရတော့ ဘာမှပြောစရာမရှိဘူး။ အခြားတစ်ခု ပြောရမယ်ဆိုရင်တော့ ကဗျာရွတ်တာတွေက ဒီ့ထက်ပိုပြီးမာန်ပါဖို့လိုတယ်။ အမေးအဖြေကဏ္ဍတွေ ဘာတွေလည်း ထည့်ဖို့လိုတယ်။ ဒါကတော့ သူတို့အစမို့လို့ နေပါလိမ့်မယ်။ နောက်ပိုင်းကျရင်ထည့်မယ်လို့ထင်တယ်” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာနေထိုင်တဲ့ ပြည်သူတစ်ယောက်ကတော့ ရေဒီယိုကနေတဆင့် NUG ဆီက သတင်းအချက်အလက် တိုက်ရိုက်ရနိုင်တဲ့အတွက် သတင်းတွေကို အတည်ပြုဖို့ ပိုအဆင်ပြေသွားတယ်လို့ ဆိုပါတယ်။ 

ရေဒီယို NUG က ဩဂုတ်လ ၂၀ရက်နေ့ကစပြီး အချိန်နာရီဝက်ကြာမြင့်မယ့် အစီအစဉ်ကို မနက် ၈ နာရီတစ်ကြိမ် ည ၈ နာရီတစ်ကြိမ် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

ရွှေဘိုမြို့ခံပြည်သူတစ်ဦးက “Welcome to Radio NUG လို့ ကြိုဆိုချင်ပါတယ်ဗျ။ NUG အဖွဲ့သားအားလုံး ကျန်းမာပါစေလို့ ပြောချင်ပါတယ်။ NUG က ထုတ်လွှင့်တဲ့ သတင်းတွေသာ ပြည်သူတွေအတွက် ကွန်ဖန်းဖြစ်ပါတယ်။ အခက်အခဲတွေကြားကနေ ပြည်သူတွေအတွက် အမြဲတမ်းလုပ်ပေးနေတဲ့ NUG-အမျိုးသားညီညွတ်ရေးအစိုးရကို ကျနော်တို့ ပြည်သူလူထုကလည်း အများကြီး ကျေးဇူးတင်ပါတယ်။ NUG-အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ကျနော်တို့ ပြည်သူလူထု စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရမယ်လို့ ရဲရဲကြီးယုံပါတယ်” လို့ ပြောပါတယ်။

ရေဒီယို NUG အစီအစဉ်တွေကို လှိုင်းတိုမီတာ ၁၆/မက်ဂါဟဇ် ၁၇ ဒသမ ၇၁ ကနေ ဖမ်းယူနားဆင်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံးထုတ်လွှင့်တဲ့ ဩဂုတ်လ ၂၀ ရက် မနက်ပိုင်းအစီအစဉ်မှာ သတင်းကဏ္ဍ၊ ကိုဗစ်ကာကွယ်ရေးဆိုင်ရာတင်ပြချက်၊ ခွန်အားမျှပေးစာကဏ္ဍ၊ နွေဦးအနုပညာတင်ဆက်မှု၊ CDM တို့၏ အသံများကဏ္ဍနဲ့ PDF ဂုဏ်ပြုတေးသီချင်းတင်ဆက်မှုအစီအစဉ်တို့ ထုတ်လွှင့်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024