ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာမှာ ဩဂုတ် ၂၀ ရက်၊ ဒီညနေ ၄ နာရီလောက်က မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၃ ဦး မြေစာပိ သေဆုံးသွားပါတယ်။
သာယာကုန်းကျေးရွာအဝင်မှာရှိတဲ့ ကျောက်စိမ်းတူးဖေါ်မှုကို တားမြစ်ထားတဲ့နေရာမှာ ဆက်လက်တူးဖေါ်နေတဲ့နေရာမှာ ပေ ၁၀၀ လောက်ရှိတဲ့ ကမ်းပါးပြိုကျပြီး သေဆုံးခဲ့တာပါ။
ဒေသခံ ကျေးရွာဒေသခံ တစ်ဦးက " ကမ်းပါးပြိုတဲ့နေရာက အရင်လုပ်ကွက်ဟောင်းနေရာ၊ ညနေက ၅ ယောက်တူးနေတာ။ ကမ်းပါးပြိုကျပြီး ၃ ယောက်ကတော့ပါသွားတယ်။ ၂ ယောက်လွတ်တယ်။ အခုအထိတော့ အလောင်းမတွေ့သေးဘူး"လို့ ပြောပါတယ်။
ကမ်းပါးပြိုကျတဲ့နေရာဟာ အခုရက်ပိုင်းအတွင်း မိုးများစွာရွာသွန်းမှုများတာကြောင့် မြေပြိုမှုတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် အလောင်းရှာဖွေမှုမပြုလုပ်နိုင်သေးဘူးလို့လည်း သိရပါတယ်။
မိုးရာသီကာလမှာ ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျတာ၊ ကမ်းပါးပြိုကျတာတွေကြောင့် ရေမဆေးကျောက်ရှာဖွေသူတွေ မကြာခဏ သေဆုံးမှုတွေရှိကာ ၂၀၂၀ ဇူလိုင် ၂ ရက်နေ့ကလည်း ကျောက်မျက်ကုမ္ပဏီလုပ်ကွက်တွေမှာ မြေစာပုံပြိုကျခဲ့လို့ ရေမဆေးရှာဖွေသူ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။
ဓာတ်ပုံ- (ယခင်ပုံဟောင်း)